မန္တလေး လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ သမိုင်းကြောင်း

 

  • မြန်မာ့လျှပ်စစ်သမိုင်း အစောဆုံး လျှပ်စစ်လုပ်ငန်းသည် မိုးကုတ် ပတ္တမြားမိုင်းတူးဖော်ရေး ကုမ္ပဏီက ၁၈၉၃ ခုနှစ်တွင် တည်ဆောက်ခဲ့သော (၄၆၀) ကီလိုဝပ်အားရှိ မိုးကုတ်ရေအားလျှပ်စစ် စက်ရုံဖြစ်ပါသည်။ ၎င်းစက်ရုံသည် (၁၈၉၈) ခုနှစ်၌ စတင်အသုံးပြုခဲ့ပြီး ၁၉၆၄ - ၆၅ ခုနှစ်တွင် ပျက်စီးခဲ့ပါသည်။
     
  • ၁၉၀၅ ခုနှစ်တွင် ရန်ကုန်မြို့ ဓာတ်ရထားကုမ္ပဏီ Rangoon Electric Tramway& Supply (RET&S)က လျှပ်စစ်ဓာတ်အား ထုတ်လုပ် အသုံးပြုခဲ့ပါသည်။ ထုတ်လုပ်နိုင်သမျှ ဓာတ်အားများမှ ဓာတ်ရထားအတွက် အသုံးပြုပြီး ပိုလျှံသော ဓာတ်အားကို လမ်းမီးများထွန်းပေးခြင်း ၊ အလင်းရောင် သုံးအဖြစ် ရန်ကုန်မြို့လူထု အသုံးပြုနိုင်ရန် စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် ပထမဆုံး ဓာတ်အားရောင်းချသော အဖွဲ့အစည်းဖြစ်ပြီး၊ ၁၉၀၇ ခုနှစ်တွင် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်း၌ ပထမဆုံး လျှပ်စစ်လမ်းမီး ထွန်းခဲ့ပါသည်။
     
  • ၁၉၅၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ Electricity Supply Board (ESB) ကို စက်မှုလက်မှုဝန်ကြီး ဌာနအောက်၌ ၁၉၄၈ ခုနှစ်၊ လျှပ်စစ်ဓာတ်အားပေးရေး အက်ဥပဒေနှင့်အညီ စတင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၂ ခုနှစ် ၊ မတ်လ(၁၆)ရက်နေ့တွင် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ကို လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း Electric Power Corporation (EPC)ဟု ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် စက်မှုလက်မှုဝန်ကြီးဌာနအား အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ရာ၊ လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း သည် အမှတ် (၂) စက်မှုဝန်ကြီးဌာန လက်အောက်တွင် ပါဝင်ခဲ့ပါသည်။
     
  • ၁၉၈၅ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် အမှတ် (၂) စက်မှုဝန်ကြီးဌာနမှ စွမ်းအင်ဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းရာ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းသည် စွမ်းအင်ဝန်ကြီးဌာနလက်အောက်တွင် ပါဝင်ခဲ့ပါ သည်။ ၁၉၈၉ ခုနှစ်၊ ဧပြီလ ( ၁ )ရက်နေ့မှစ၍ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းကို မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း  Myanma Electric Power Enterprise (MEPE)ဟု ပြင်ဆင်ဖွဲ့စည်းပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနလက်အောက်၌ လျှပ်စစ်စွမ်းအားဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် ရေအားလျှပ်စစ်ဦးစီးဌာနဟူ၍ ဌာန (၃) ဌာနဖြင့် ဖွဲ့စည်းခဲ့ပါ သည်။ ၂၀၀၆ ခုနှစ်၊ မေလ (၁၅) ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
     
  • နိုင်ငံတော်၏ စီးပွားရေး၊ စက်မှုလက်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် အခြေခံအုတ်မြစ်ဖြစ်သည့် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ခြင်း၊စနစ်တကျပို့လွှတ် ဖြန့်ဖြူးနိုင်ခြင်းနှင့် ဓာတ်အားဖြန့်ဖြူးနိုင်ခြင်းမရှိသည့် ဝေးလံသောဒေသများသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး နိုင်ရေးတို့ကို အားသွန်ခွန်စိုက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် (၅.၉.၂၀၁၂) တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၃/၂၀၁၂) ဖြင့် အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနလက်အောက် တွင် လျှပ်စစ်စွမ်းအားဦးစီးဌာန၊ ရေအားလျှပ်စစ်စီမံရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းဟူ၍ (၇) ဌာနဖြင့် ဖွဲ့စည်းပြီး ပြည်သူလူထုအား လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
     
  • မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသည် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးအား ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၈/၂၀၁၅) ခွင့်ပြုချက်အရ ကော်ပိုရေးရှင်းဖွဲ့စည်းခြင်းနှင့် တာဝန်နှင့် လုပ်ပိုင်ခွင့်အပ်နှင်းသည့် အမိန့် ကြော်ငြာစာထုတ်ပြန်၍ (၁.၄.၂၀၁၅) ရက်နေ့တွင် တိုးချဲ့ ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ (၁.၇.၂၀၁၅) ရက်မှစတင်၍ ပြည်ထောင်စုရန်ပုံငွေပြင်ပမှ မိမိဝင်ငွေပေါ်တွင် ရပ်တည်၍ နိုင်ငံတော်မှ ၁၀၀% ပိုင်ဆိုင်သော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကွပ်ကဲမှုအောက်တွင်ရှိသည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများကို စီးပွါးရေးဆန်ဆန် ဆောင်ရွက်ပြီး ကော်ပိုရေးရှင်း၏ အမြတ်ငွေဖြင့် လည်‌ပတ်ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပါသည်။
     
  • လျှပ်စစ်ဓာတ်အားများကို မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှဝယ်ယူပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်/မြို့ (၃၄) မြို့အား ၆၆ ကေဗွီ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများမှတစ်ဆင့် ၄၀၀ ဗို့ဖြင့် လျှပ်စစ် ဓာတ်အားများကို ဖြန့်ဖြူးပေးလျက်ရှိပါသည်။
     
  • ကော်ပိုရေးရှင်းအနေဖြင့် တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများကို ပြည်သူများပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ တိုင်းဒေသကြီးအတွင်း ကျေးရွာများအထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရောင်းချနိုင်ရေး လျှပ်စစ်ဓာတ်အားရောင်းချရသည့် အမြတ်ငွေများဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
     
  • မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသည် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးအား ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၈/၂၀၁၅) ခွင့်ပြုချက်အရ ကော်ပိုရေးရှင်းဖွဲ့စည်းခြင်းနှင့် တာဝန်နှင့် လုပ်ပိုင်ခွင့်အပ်နှင်းသည့်အမိန့်ကြော်ငြာစာထုတ်ပြန်၍ (၁.၄.၂၀၁၅) ရက်နေ့တွင် တိုးချဲ့ ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံတော်မှ ၁၀၀% ပိုင်ဆိုင်သော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကွပ်ကဲမှုအောက်တွင်ရှိသည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများကို စီးပွါးရေးဆန်ဆန် ဆောင်ရွက်ပြီး ပြည်ထောင်စုရန်ပုံငွေပြင်ပမှ ကော်ပိုရေးရှင်း၏ အမြတ်ငွေဖြင့် လည်‌ပတ်ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပါသည်။
     
  • လျှပ်စစ်ဓာတ်အားများကို မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းမှဝယ်ယူပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်/မြို့ (၃၄) မြို့အား ၆၆ ကေဗွီ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများမှတစ်ဆင့် ၄၀၀ ဗို့ဖြင့် လျှပ်စစ် ဓာတ်အားများကို ဖြန့်ဖြူးပေးလျက်ရှိပါသည်။
     
  • ကော်ပိုရေးရှင်းအနေဖြင့် တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများကို ပြည်သူများပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ တိုင်းဒေသကြီးအတွင်း ကျေးရွာများအထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရောင်းချနိုင်ရေး လျှပ်စစ်ဓာတ်အားရောင်းချရသည့် အမြတ်ငွေများဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။