ထရန်စဖော်မာ ကဏ္ဍ

သက်ဆိုင်ရာမြို့နယ်တွင် လျှောက်ထားရန်ဖြစ်ပြီး အောက်ပါသတ်မှတ်ချက်များ နှင့် ပြည့်စုံပါက မြို့နယ်ရုံးနှင့် ခရိုင်ရုံးတွင် ၁ ပါတ်၊ တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ၁ ပါတ်၊ ရုံးချုပ်တွင် ၂ ပါတ်၊ စုစုပေါင်း ၁ လ အတွင်း စိစစ်၍ ခွင့်ပြုမိန့် ထုတ်ပြန်ပေးမည်-

        (က) ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း ဝန်အားနိုင်နင်းရမည်။

        (ခ) ဇုန်အတွင်းဖြစ်ပါက မြို့တော်စည်ပင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ငန်းခွင့်ပြုချက် ပါရှိရမည်။

        (ဂ) ရပ်ကွက်အတွင်းဖြစ်ပါက မြို့တော်စည်ပင် နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ငန်းခွင့်ပြုချက် ပါရှိရမည်။

        (ဃ) ကျေးရွာမီးလင်းရေးအတွက်ဖြစ်ပါက သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံ ချက်ပါရှိပြီး မီးလင်းရေးကော်မတီများ လိုက်နာရန်မူ ၁၂ ချက်အပေါ် ဝန်ခံကတိပြုရမည်။

 

မီးလင်းရေးကော်မတီများအား ဝန်ခံကတိပြု၍ လိုက်နာဆောင်ရွက်ရန်(၁၂)ချက်


 (၁) ဓာတ်အားလိုင်းတိုင်များသည်အောက်ပါအတိုင်းသတ်မှတ်ထားသော ကွန်ကရစ်တိုင်များ ဖြစ်ရမည်။

        (က) ၃၃ ကေဗွီ ဓာတ်အားလိုင်းအတွက် အရည်အသွေးပြည့်မီသော ၁၂ မီတာ ကွန်ကရစ်တိုင်။

        (ခ) ၁၁ ကေဗွီ ဓာတ်အားလိုင်းအတွက် အရည်အသွေးပြည့်မီသော ၁၀ မီတာ ကွန်ကရစ်တိုင်။

        (ဂ) ၄၀၀ ဗို့ ဓာတ်အားလိုင်းတွက် အရည်အသွေးပြည့်မီသော ၉ မီတာ ကွန်ကရစ်တိုင်။

  (၂) ဓာတ်အားလိုင်းကြိုးများသည် အောက်ပါအတိုင်း သတ်မှတ်ထားသည့် လိုင်းကြိုးများဖြစ်ရမည်-

        (က) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင် ၃၃ ကေဗွီဓာတ်အားလိုင်းမှ ဓာတ်အားရယူပါက ACSR 120 mm2 (သို့မဟုတ်) 150 mm2 ကြိုးကို အသုံးပြုရမည်။

        (ခ) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင် ၁၁ ကေဗွီဓာတ်အားလိုင်းမှ ဓာတ်အားရယူပါက ACSR 95 mm2 ကြိုးကိုအသုံးပြုရမည်။

        (ဂ) ကျေးရွာအတွင်း ၄၀၀ ဗို့လိုင်းများတည်ဆောက်မှုကို အောက်ပါသတ်မှတ်ချက်အတိုင်း ဆောင်ရွက်သွားရမည်။

                - ၃ သွင် ၅ ကြိုး ၄၀၀ ဗို့အားလိုင်းအတွက် HDBC Wire No.4 Insulated Wire No.4

                - ၂ သွင် ၃ ကြိုး ၄၀၀ ဗို့အားလိုင်းအတွက် HDBC Wire No.6၊ Insulated Wire No.6

                - ၁သွင် ၂ ကြိုး ၂၃၀ ဗို့အားလိုင်းအတွက် HDBC Wire No.6၊ Insulated Wire No.6

                - လမ်းမီးကြိုးကို HDBC Wire No.8၊ Insulated Wire No.8

 (၃) သတ်မှတ်သံလက်တန်းနှင့် သတ်မှတ်အဆင့်မီ ကြွေသီးဖြစ်ရမည်။

 (၄) သတ်မှတ်ပုံစံအတိုင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတ်မှတ်ခွင့်ပြုပေးထားသော ပြည်တွင်းလုပ် အဆင့်မီထရန်စဖော်မာကို အသုံးပြုရမည်။ နိုင်ငံခြားမှတင်သွင်းသော ထရန်စဖော်မာကို အသုံးပြု ပါက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အရည်အသွေးစစ်ဆေးမှုခံယူရမည်။ မီးကြိုး၊ မီးခလုတ်၊ မီးငုတ်များကို နီ၊ ဝါ၊ ပြာ အရောင်မှန်ကန်စွာ အသုံးပြုရမည်။ အခြားအရောင် လုံးဝမသုံးရ။ ထရန်စဖော်မာ ခွဲရုံငယ်အား သတ်မှတ်ထားသောပုံစံအတိုင်း တည်ဆောက်ပြီး ၂ တိုင်စင်ဖြင့် တည်ဆောက်၍ တိုင်ပတ်လည်အမြင့် ၅ ပေ သံဇကာဖြင့် ကာရန်ကာ အင်္ဂတေကြမ်းခင်း လောင်းထားရမည်။

 (၅) လမ်းမီးများ ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပြီး လမ်းမီးခ ကျခံရပါမည်။

 (၆) ဓာတ်အားပျောက်ဆုံးမှုလျော့နည်းရေးအတွက် သတ်မှတ်ချက်အတိုင်း ကျေးရွာမှ ဆောင်ရွက်ရပါမည်။  ကျေးရွာအတွင်း ဓာတ်အားပျောက်ဆုံးမှု ၁၀% ကို ဌာနက ကျခံပေးမည်။ ၁၀% ထက် ကျော်လွန်သော ဓာတ်အားပျောက်ဆုံးမှုကို ကျေးရွာမီးလင်းရေးကော်မတီက ကျခံရမည်။

 (၇) ဓာတ်တိုင်၏အောက်ခြေတွင် သတ်မှတ်စံချိန် စံညွန်းနှင့်ကိုက်ညီသော အုတ်ဖိနပ်ကို၊ (၂ ပေ၊ ၂ ပေ၊ ၂.၅ ပေ အမြင့်) တည်ဆောက်ရမည်ဖြစ်ပြီး မြေပေါ်တွင် ၆ လက်မ မြေအောက်တွင် ၂ ပေ ထားရမည်။

 (၈) ဓာတ်အားလိုင်းတစ်လျှောက် နှင့် ဓာတ်တိုင်ပတ်ဝန်းကျင်သတ်မှတ်အကွာအဝေးများအတိုင်း သစ်ပင် ခြုံနွယ်များကို အပြောင်ရှင်းရမည် -

        (က) ၁၁ ကေဗွီဓာတ်အားလိုင်းတွင် ဗဟိုမှ လက်ဝဲ ၁၀ ပေ လ လက်ယာဘက် ၁၀ ပေ စုစုပေါင်း ၂၀ ပေ အပြောင်ရှင်းရန်။

        (ခ) ၄၀၀ ဗို့ ဓာတ်အားလိုင်းတွင် ဗဟိုမှ လက်ဝဲ ၅ ပေ လက်ယာဘက် ၅ ပေ စုစုပေါင်း ၁၀ ပေ အပြောင်ရှင်းရန်။

 (၉) ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ ရေရှည်တည်တံ့ခိုင်မြဲရေးကို ကျေးရွာမီးလင်းရေးကော်မတီက ဆက်လက်ဆောင်ရွက်ရမည်။

 (၁၀) ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ပြင်ပလျှပ်စစ်ကျွမ်းကျင်သူ များဖြင့် ဆောင်ရွက်မည်ဖြစ်ပါက ၄င်းလျှပ်စစ်ကျွမ်းကျင်သူသည် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ လျှပ်စစ်ကျွမ်းကျင်မှတ်ပုံတင်လက်မှတ် ပထမအဆင့် ရရှိပြီးသူဖြစ်ရမည်။ တည်ဆောက်မည့်လုပ်ငန်းများအတွက် သုံးစွဲမည့် ပစ္စည်းစာရင်းနှင့် တည်ဆောက်မည့် ဓာတ်အားလိုင်းမြေပုံ၊ ဓာတ်အားခွဲရုံ ပုံစံတို့ကို ယူဆောင်ပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာန၊ အင်ဂျင်နီယာချုပ်ထံ လာရောက်ရှင်းလင်း၍ ခွင့်ပြုချက်ရယူရမည်။

 (၁၁) မီးလင်းရေးအတွက် ဓာတ်အားရယူရာတွင် အခြားဝန်ကြီးဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကပိုင် ဓာတ်အားလိုင်းများမှ ဆက်သွယ်ရယူခြင်းဖြစ်ပါက သက်ဆိုင်ရာဌာနက၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကတို့၏ သဘောတူညီချက် ရယူရမည်။

 (၁၂) မီးလင်းရေးကော်မတီမှ တည်ဆောက်ပြီးသော ၁၁ ကေဗွီဓာတ်အားလိုင်း၏ စီမံခန့်ခွဲမှုကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ အပ်နှံရမည်။ ၄င်း ၁၁ ကေဗွီ ဓာတ်အားလိုင်းမှ တစ်ဆင့် ဓာတ်အားဆက်သွယ်ရမှုများကို ခွင့်ပြုရမည်။