နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ( ၁၂ ) ရက် 

          နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်း (ရုံးချုပ်)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး စက်မှုစွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီဉက္ကဋ္ဌ ဦးလှိုင်ဝင်း၊မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊  ဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး များ၊ ဌာနအကြီးအကဲများ၊ ဓာတ်အားပေးစက်ရုံမှူးများ၊ စီမံကိန်းမန်နေဂျာများ၊ ပင်မဓာတ်အား ခွဲရုံမှူးများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်တို့၏ လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတဝှမ်းလုံးသို့  လာမည့်နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာလတွင်ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၌လည်း အစည်းအဝေးပြုလုပ်၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သလို ယခုမန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင်လည်း ဌာနအလိုက် ဆောင်ရွက် ထားမှုအပေါ် ပေါင်းစပ်ညှိနှိုင်းရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်သည် လျှပ်စစ်ဓာတ်အားဖြစ်သည့်အတွက် ဝန်ကြီးဌာန၏ အနာဂတ်လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်ရေး ရည်မှန်းချက်အဖြစ် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ မီးသုံးစွဲနိုင်မှု ၅၅ ရာခိုင်နှုန်း သို့လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း သို့လည်းကောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်မီးသုံးစွဲနိုင်အောင် စီမံဆောင်ရွက်လျက်ရှိသည်ကို  အားလုံးသိရှိထားပြီးဖြစ်သဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တဘက်တွင်လည်း လာမည့်နွေရာသီကာလအတွက် လျှပ်စစ်သုံးစွဲမှု တိုးတက်လာသည်ကို ဖြည့်ဆည်းနိုင်ရန် လျှပ်စစ်ထုတ်လုပ်မှုကိုလည်း (၁၁၆၆ မဂ္ဂါဝပ်) တိုးတက်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်၍ သတ်မှတ်ရက်များတွင် အချိန်မီ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်‌ရေး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မည်သို့ပင် ထုတ်လုပ်နိုင်သည်ဖြစ်စေ  ထွက်ရှိလာမည့် ၎င်းလျှပ်စစ်ဓာတ်အားများကို သုံးစွဲသူများထံ ရရှိစေရန် ပို့လွှတ်ရေးအပိုင်းနှင့် ဖြန့်ဖြူးရေးအပိုင်းတို့မှာလည်း အရေးပါလျက်ရှိပါကြောင်း၊ ထို့အပြင် သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုအပိုင်းတွင်လည်း မမျှော်မှန်းနိုင်သော ချို့ယွင်းမှုများ၊ စာချုပ်ပါ Planned, Shutdown များဖြစ်ပေါ်လာပါက လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေး နေသော စက်ရုံများ၏ ထုတ်လုပ်မှုအပိုင်းကို ရေအားလျှပ်စစ် အပါအဝင် Generation Mix ဖြင့် ဖြည့်စွက်မောင်းနှင်ပေးရန် စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ အချိန်မီပြုပြင်နိုင်ရန် အရန်စက်များ၊ ပိုက်လိုင်းများ၊ လူ၊ ယန္တရားများကို အသင့်စုဖွဲ့ထားရန် လိုအပ်ကြောင်း၊ ၎င်းအပြင်ဓာတ်အားခွဲရုံများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသဖြင့် ထိန်းသိမ်းပြုပြင်မှု လုပ်ငန်းများကို ကြိုတင်၍ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန် စေရေးတို့အတွက် လိုင်းသန့်ရှင်းရေးပြုလုပ်ခြင်းအပါအဝင် ထိန်းသိမ်းပြုပြင်ခြင်း၊ အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ သယ်ယူပို့ဆောင်ပေး နေသော ဓာတ်အားလိုင်းများအနေဖြင့်လည်း လိုင်းတစ်လိုင်းအပြစ်ဖြစ်ပွားချိန်၌ အခြားလိုင်း တစ်လိုင်းမှ ပြန်လည်ပေးအပ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများသည် ပြည်သူလူထုနှင့်အနီးကပ်ဆုံးဖြစ်သည့် အလျှောက် မိမိတို့၏လုပ်ဆောင်ချက်များ၊ တွေ့ကြုံရသည့် စိန်ခေါ်မှုများကို ပြည်သူလူထုသိရှိအောင် ထိတွေ့ချပြရှင်းလင်းနေရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်သည့်အလျောက် မိမိတို့လုပ်ဆောင်မှုများအပေါ် ပြည်သူ များမှနားလည်လက်ခံလာစေရေး ထိတွေ့ပြောဆို ချပြဆောင်ရွက်သွားရန် လိုအပ်ကြောင်း နှင့် Customer Services ကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မကြာမီကာလတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုချိန်များ၊ စာကျက်ချိန်များ ရောက်ရှိလာမည်ဖြစ်သည့် အတွက် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး ကြိုတင်စီမံဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း၊ ဝန်ဆောင်မှုပိုင်းတွင် သိသိသာသာတိုးတက်ကောင်းမွန်လာအောင် ရည်မှန်းချက်ထား ဆောင်ရွက်ရန်နှင့် ပြည်သူလူထုသို့ အရည်အသွေးပြည့်ဝပြီး တည်ငြိမ်သည့်လျှပ်စစ် ဓာတ်အားများ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ဦးစီးဌာန၊ လုပ်ငန်းများမှ တာဝန်ရှိသူအသီးသီးက ၂၀၂၀ ပြည့်နှစ် ‌နွေရာသီကာလတွင် ဓာတ်အားစဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်မည့်အစီအမံများ၊ တိုးတက်သုံးစွဲလာမည့် ဝန်အားအခြေအနေ၊ ဓာတ်အား ပြတ်တောက်မှု မဖြစ်ပေါ်စေရေး ဆောင်ရွက်သွားမည့်အစီအမံများ၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းစေရေးအတွက် ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်၍ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာအသီးသီးမှ ခရိုင် အတွင်းရှိ မြို့နယ်များ၏ တိုးတက်သုံးစွဲလာနိုင်သည့် ဝန်အားအခြေအနေနှင့် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြပြီး၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ်နှင့် ခေတ္တဥက္ကဋ္ဌတို့က ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။