Smart City နှင့် လိုက်ဖက်ညီစွာ

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ဒီနေ့ဖေ့စ်ဘုတ်ဖွင့်ကြည့်လိုက်တော့ မြန်မာ့အလင်းသတင်းစာမှာ ၁.၃.၂၀၁၈ ရက်နေ့က ဖော်ပြခဲ့တဲ့ ကျွန်တော့်ရဲ့-“ဝန်ဆောင်မှုကောင်းသည့်-အမ်အီးအက်စ်စီ” ဆိုတဲ့ ဆောင်းပါးလေးကို One Year Ago ဆိုပြီး ဖော်ပြထားတာတွေ့ရလို့ Save ထားလိုက်ပါတယ်။ မန္တလေးခရိုင်အတွင်း မြို့နယ်ခုနစ်မြို့နယ် မှာရှိတဲ့ မီးသုံးသူတွေအနေနဲ့ မိမိတို့ရဲ့ လစဉ်မီတာခကျသင့်ငွေ၊ မီတာခတောင်းခံလွှာ(မီတာဘီလ်)ကို လက်ကိုင် ဖုန်း ကနေ ကြည့်လို့ရတဲ့အကြောင်း ရေးထားတာဖြစ်ပါတယ်။

            မီတာဘီလ် ကြည့်ရုံလောက်နဲ့တော့ စိတ်ဝင်စားမှု နည်းနေပါသေးတယ်။ မီတာခကို Online ကနေ ပေးဆောင်လို့မရဘူးလားလို့ မေးနေကြတဲ့ မိတ်ဆွေများလည်းရှိပါတယ်။ ကဲ ဒီနေ့တော့ မိတ်ဆွေများအတွက် ဝမ်းမြောက်စရာ စကားလက်ဆောင်လေးပါးလိုက်ချင်တာက - (သီချင်းဆိုရန်)

            ( xx ချစ်သောမိတ်ဆွေ xx အပေါင်းအသင်းများတို့ရေ xx အွန်လိုင်းကလာပြီလေ xx စမတ်ကျတာပေါ့ မောင်တို့ မန်းဌာနေ xx )

            ( လျှပ်စစ်ရဲ့ မောင်တို့တစ်တွေ xx ကြိုးစာအဆင်သာပေ xx လျှပ်စစ်ရဲ့ မယ်တို့တစ်တွေ  xx ရိုးသား ယဉ်ပါသလေ xx )

            ( ဝန်ဆောင်မှုကောင်း xx မကြာညောင်းအောင် xx ထပ်ဆောင်းပြုလို့နေ xx အကိုတွေ အမတွေပျော်စေ xx ညီ ညီမတွေ ပျော်စေ xx ပြည်သူအပေါင်းတွေပျော်စေ xx ပျော်ပါစေကြောင်း မေတ္တာလောင်းလို့ x ဆုတောင်း ပို့သနေ xx )လို့သာ အော်ဆိုပြီး ကွေးနေအောင် ကချင်လိုက်ပါတော့တယ်ဗျာ။

            ( စကားချပ်၊ အေးဆုမွန်နဲ့ ဒီဒေါင်းတို့ကို ဆိုခိုင်းရင် ကောင်းမလား မသိဘူးနော် )

            ပျော်နေတာနဲ့ မပြီးသေး။ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို သိစေဖို့ ရေးပေးရအုံးမယ် မဟုတ်လား။

            ကဲ-မီတာဘီလ်ကြည့်နည်းကို ပြန်အစဖော်ပေးပါမယ်။

တစ်။ ဖုန်းကို အင်တာနက်ဖွင့်ပါ။ Play Store ကနေ MESC Application ကို Download ယူပါ။ ပုံလေး တွေ့ပြီလား။

နှစ်။ ပုံပေါ်လာရင် အဲဒီပုံလေးကို ဆက်ပြီး နှိပ်ဖွင့်လိုက်ပါ။ မြန်မာစာလုံး Font ကို ရွေးခိုင်းပါလိမ့်မယ်။ ဇော်ဂျီ စာလုံးလား၊ ယူနီကုဒ်စာလုံးလား၊ မိမိဖုန်းမှာ သုံးနေတဲ့စာလုံးကို ရွေးချယ်လိုက်ပါ။

သုံး။ စာလုံးရွေးလိုက်ပြီးတာနဲ့ မီတာစစ်ရန်ဆိုတဲ့စာသားပေါ်လာပါမယ်။ အဲဒီမှာ မီတာအမှတ်ဆိုတဲ့နေရာမှာ မိမိ အိမ်မှာရှိတဲ့ မီတာအမှတ်ကို ရိုက်ထည့်ပါ။ ပြီးရင် ကွန်ပျူတာကုဒ်ကိုလည်း ဆက်ပြီးရိုက်ထည့်ပါ။ (ဒါတွေက မိမိ ရဲ့ မီတာဘီလ်မှာ ပါပြီးဖြစ်ပါတယ်။ အဲဒါကို ကြည့်ပြီး ရိုက်ထည့်လိုက်ပါ။) မိမိလက်ဝယ်ရှိနေတဲ့ မီတာဘီလ် ပုံစံ အတိုင်း ကျလာပါလိမ့်မယ်။ ဒါဆိုရင် ဒီလအတွက် မီတာခ ဘယ်လောက်ကျတယ်ဆိုတာ သိရပြီပေါ့။ လစဉ် လ တိုင်း ဆယ့်တစ်ရက်နေ့ဆိုရင် မီတာဘီလ်ကို ကြည့်လို့ရပါပြီ။

            ဖုန်းအမျိုးအစားအလိုက် Browser Application ဆိုတာရှိပါတယ်။ Chrome, Safari Mozilla, Fire Fox စသည်ဖြင့် ရှိပါတယ်။ အဲဒီကနေ အင်တာနက် Website ဖွင့်ပြီး www.mescmm.com ကို ရိုက်ထည့်လိုက် ရင် MESC ရဲ့ Page (စာမျက်နှာ) ကျလာပြီး မီတာစစ်ရန်ဆိုတဲ့ စာသား ပေါ်လာပါလိမ့်မယ်။ ပြောထားတဲ့ အတိုင်း ဆက်လုပ်ရုံပါပဲ။

            မီတာခ ဘယ်လောက်ကျတယ်ဆိုတာသိပြီးရင် ငွေဘယ်လိုပေးဆောင်ရမလဲဆိုတဲ့အပိုင်းကို ဆက်ပြော ပါ့မယ်။ ဘဏ်ကို ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် တစ်ခေါက်တော့သွားရပါ့မယ်။ ဘဏ်မှာ စာရင်းရှင် အပ်ငွေ ဒါမှမဟုတ် ငွေစုစာအုပ်တော့ လုပ်ရပါ့မယ်။ ရှိပြီးသားဆိုရင်တော့ မလိုအပ်ပါဘူး။ အဲဒီလို ဘဏ်စာရင်း တစ်ခါဖွင့်ပြီးရင် သက်ဆိုင်ရာဘဏ်ရဲ့ ငွေပေးချေမှုနည်းလမ်းအတိုင်း ဆောင်ရွက်ရုံပါပဲ။ မခက်ခဲပါဘူး။ KBZ pay တွေ၊ My Kyats တွေနဲ့ ဖုန်းငွေဖြည့်တာ၊ ကားလက်မှတ်ဝယ်တာ ၊ စတိုးဆိုင်တွေမှာ ပစ္စည်းဝယ်တာတွေ ကို လုပ်နေကြတာမဟုတ်လား ။ မီတာခအတွက်လည်း အဲဒီလိုပေးလိုက်တာပဲပေါ့။ မီတာခငွေသွင်းပြီးရင် မိမိ ဖုန်းမှာ ပြန်ကြည့်လို့ရပါတယ်။စောစောကပြောခဲ့တဲ့ မီတာဘီလ်စာရွက်မှာ ငွေသွင်းပြီးကြောင်း တွေ့ရပါလိမ့်မယ်။     MESC နဲ့ ဝန်ဆောင်မှုပေးမဲ့ဘဏ်တွေနဲ့က ချိတ်ဆက်ထားပြီး ဖြစ်ပါတယ်။

            CB Bank (သမဝါယမဘဏ်)အနေနဲ့ ဝန်ဆောင်မှုပေးမဲ့ နေရာတွေကတော့ -

            (အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပြင်ဦး လွင်၊ မိုးကုတ်၊မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ ပလိပ်၊ တံတားဦး၊ မြစ်သား၊ ကူမဲ၊ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်း၊ မလှိုင်၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်၊ ညောင်ဦး၊ ပုဂံ၊ ငါ့သရောက်၊ ကျောက်ပန်းတောင်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တို့ပဲ ဖြစ်ပါတယ်။

            လောလောဆယ်တော့ မီးသုံးသူ (၃၄၀)ဦး ဝန်ဆောင်မှု ယူထားပြီး ဖြစ်ပါတယ်။

            First Private Bank Ltd (ပထမပုဂ္ဂလိကဘဏ်)အ​နေနဲ့ ဝန်ဆောင်မှုပေးမဲ့ မြို့နယ်တွေကတော့-

            အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်တို့နဲ့ ကျောက်ပန်း တောင်းမြို့နယ်တို့ပဲဖြစ်ပါတယ်။

            Asia Green Development Bank(အာရှစိမ်းလန်းဖွံ့ဖြိုးတိုးတက်ရေးဘဏ်) ကတော့ အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန် တို့ပဲ ဖြစ်ပါတယ်။ အခု စာရေးနေချိန်ထိ မီးသုံး သူ(၈၉၃)က ဝန်ဆောင်မှု ယူထားပြီးဖြစ်ပါတယ်။

            ဖော်ပြခဲ့တာတွေက MESC နဲ့ စာချုပ်ချုပ်ထားတဲ့ဘဏ်တွေပါ။ ဆက်ပြီး စာချုပ်ချုပ်ဖို့ကျန်တဲ့ ဘဏ်တွေ ကတော့ (KBZ)နဲ့ မြန်မာ့ရှေ့ဆောင်ဘဏ် (Myanmar Apex)တို့ပဲ ဖြစ်ပါတယ်။

            ဝန်ဆောင်ခအနေနဲ့ကတော့ သုံးရာကျပ်(၃၀၀)ထဲပါဗျာ။ မပြောပလောက်ပါဘူး။ မိတ်ဆွေအနေနဲ့ ယခင် အတိုင်း လျှပ်စစ်ရုံးမှာ မီတာခ သွားဆောင်ကြည့်ပါလား။ အချိန်ကုန်တယ်။ ကား/ဆိုင်ကယ်နဲ့သွားရင် ဆီဖိုးကုန် မယ်။ ကိုလှရွှေ(ရဲသားကြီး)တို့၊ တို့လုံမေ မခင်မြ(ယာဉ်ထိန်းရဲမေတွေ)နဲ့တွေ့ရင် ဆိုင်ကယ်ဦးထုပ် မဆောင်းလို့၊ ကားစီးရင် ခါးပတ်မပတ်လို့ဆိုပြီး ဒဏ်ရိုက်ခံရမှာကို တွေးကြည့်ရင် အများကြီး ပိုကောင်းပါတယ်။ ငွေတုမမိနိုင် ဘူး။ ငွေကျပျောက်မှာ မပူရဘူး။ အနိမ့်ဆုံးအနေနဲ့ ဆိုင်ကယ်စီးသွားရင် နေကပူလေကတိုးလို့ အသားမဲတာကို တော့ ကာကွယ်နိုင်တာပေါ့ဗျာ။

            ဘဏ်တွေနဲ့ ချိတ်ဆက်၊ ငွေသွင်းပြီးလို့ ဖုန်းကနေ ပြန်ကြည့်နိုင်တာကတော့ မန္တလေးခရိုင်အတွင်းက မြို့နယ် ခုနှစ်မြို့နယ်ပဲ ရှိပါသေးတယ်။ ကျန်တဲ့မြို့တွေကတော့ ဘဏ်မှာဝန်ဆောင်မှုယူနိုင်ပေမဲ့ ဖုန့်နဲ့တော့ ကြည့်လို့မရသေးပါဘူး။ MESC ရဲ့ WebPortal ကို တိုးချဲ့ဖို့လိုနေပါသေးတယ်။ နောက်ထပ်တိုးချဲ့မဲ့ မြို့နယ်တွေ ကို တစ်လအတွင်းအပြီး (သင်္ကြန်မတိုင်မီ အပြီးဆောင်ရွက်လို့) နှစ်သစ်ကူးလက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ အခါမှာတော့ ဖုန်းနဲ့ Online ဆောင်ရွက်လို့ရပါပြီ။ ဒီမြို့နယ်တွေကတော့ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့ နယ်၊ မြင်းခြံမြို့နယ်၊ ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုဂံမြို့နယ်တို့ဖြစ်ပြီး စုစုပေါင်း ဆယ့်နှစ်နေ ရာ ဖြစ်ပါတယ်။

            ကဲ-  Smart City ဆိုတဲ့ မန်းဌာနေက ပြည်သူများလည်း ခေတ်မှီမှီ Smart People တွေ ဖြစ်ကြပါစို့ဗျာ။ ကျွန်တော်တို့ကတော့ Smart Services နဲ့ Smart လျှပ်စစ်ဖြစ်အောင် ဆောင်ရွက်ပေးနေကြောင်းပါ ခင်ဗျား။

(စာဖတ်သူအဆွေ ၊ ငြိမ်းအေးသာယာပါစေ)

(မြင့်လွင်ပါကြီး) < 1.3.2019 >