“ဘယ်လိုပြောလို့ ဘယ်လိုဖြေရ” အပိုင်း (၅)

  • ဒီနေ့ အင်္ဂါနေ့။ တစ်နေကုန် အစည်းဝေးတွေမို့ နေ့လည် ၁၄:၀၀ နာရီလောက်မှ ဝင်စာတွေဖတ်ရတယ်။ တွေ့ပြီ ဓာတ်လိုက်မှု။ အချိန်ကြည့်တော့ ဓာတ်လိုက်တာက 12.1.2019 ။ ၁၄:၂၀ နာရီအချိန်။ ကြေးနန်းတင်ပြတာက 13.1.2019 အချိန်။ ကြားထဲမှာ စနေ၊ တနင်္ဂနွေ ခံနေတာမို့ ခုမှသိရတာဆိုပေမဲ့ လည်း မနေ့က တနင်္လာနေ့ ၊ ဘာ့ကြောင့် မသိတာလည်း။ အမှုတွဲကိုင် အမကြီး ဒေါ်သန်းသန်းအေးကို မေးမိတယ်။
  • ဓာတ်လိုက်သေပုံက ဒီလိုပါ။ 12.1.2019 ရက်နေ့ ၊ မွန်းလွဲပိုင်း ၁၄:၂၀ နာရီ။ ချမ်းမြသာစည် မြို့သစ်(၂) ရက်ကွက် ၊ ခိုင်ရွှေဝါလမ်း နဲ့ ဇလပ်ဝါလမ်းကြားနေရာမှာပါ။ Lucky Joint အင်တာနက် ဖိုက်ဘာကေဘယ် (Fiber Cable) ဆက်သွယ်ရေးလုပ်ငန်းက အင်တာနက်ချိတ်ဆွဲဖို့ လိုင်းကြိုးတွေဆွဲနေကြောင်း သိရပါတယ်။ တွေ့ဘူးကြမှာပါ။ WiFi အင်တာနက်လိုင်းအတွက် ကေဘယ်ကြိုးတွေ လမ်းတစ်လျှောက်ဆွဲပြီး ဆက်နေတာကို။ ကျွန်တော်တို့ဓာတ်တိုင်တွေမှာလည်း ကြည့်ရင်မြင်မှာပါ။ကြိုးအမဲအလုံးတွေ ရစ်ပတ်ခွေသီလို့။ အများကြီးပါ။ ကိုယ့်ဓာတ်တိုင်နဲ့ လာပတ်သက်ရင်တော့ လျှပ်စစ်ကို ငွေပေးရပါတယ်။ ဒီတိုင်နဲ့ ဒီကြိုးတွေ လျှပ်စစ်ဓာတ်အားရမှ အင်တာနက်လိုင်းမိမှာ ဖြစ်လို့တစ်ကြောင်း၊ ကိုယ့်ရဲ့ဓာတ်တိုင်မှာ လာရှုပ်တာကတစ်ကြောင်းပါ။ လျှပ်စစ်ကရတဲ့ငွေကတော့ MESC ကို တရားဝင် ပေးသွင်းရတာပါ။ တရားဝင်ဆိုတော့ အလွဲသုံးစား မရှိပါဘူး။
  • ပြောပြခဲ့အတိုင်းပါပဲ။ Lucky Joint ကုမ္ပဏီက ဝန်ထမ်း (၇) ဦးနဲ့ ကြိုးဆွဲနေချိန်မှာ ဦးထွန်းထွန်းကိုကို၊ အသက် (၁၉) နှစ်၊ အဘအမည် ဦးထွန်းဝင်းဟာ ဓာတ်လိုက်ပြီး ဆေးရုံပို့စဉ် သေဆုံးသွားပါတယ်။ သူဟာ 500kVA ထရန်စဖော်မာ အနီးမှာ ရှိတဲ့ ပိတောက်ပင်ကို လှေကားနဲ့ထောင်တက်ပြီး ကေဘယ်ကြိုးတွေကို ဓာတ်တိုင်ပတ်ချိတ်ပါတယ်။ ပြီးတော့ပြန်အဆင်းမှာ အလူမီနီယမ်လှေကားကို ပုခုံးနဲ့ထမ်းပြီးရွှေ့ပါတယ်။ အဲဒီအခါမှာ ထရန်စဖော်မာရဲ့ Drop Out Fuse အဝင်ကြိုးနဲ့ လှေကားထိမိပြီး ဓာတ်လိုက်ရတာပါ။ ထရန်စဖော်မာတွေ၊ ဓာတ်အားလိုင်းကြိုးတွေနားနေရင် ဂရုစိုက်ပြီး လုပ်ဖို့လိုပါတယ်။
  • ဒီလိုဖြစ်စဉ်တွေကလည်း ဓာတ်လိုက်သေဆုံးရတဲ့ အထဲမှာ အများအပြားပါ။ သေပါတယ်လို့ပြောနေရင် ဂရုစိုက်ကြပါဗျာ။ ပြောပြတာကို နားမထောင်ချင်ဘူးလား။ ကျွန်တော်ရဲ့ ချစ်သောမိတ်ဆွေကြီး “ကိုစိန်ဝင်းမြင့်” ကိုလာဟောခိုင်းလိုက်မယ်။ သူကကျွန်တော်တို့ရဲ့ MESC မှာ မင်းသားချောကြီးပါ။ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးကို တိုင်းသိပြည်သိ MRTV မှာ ရုပ်သံရိုက်ကူးပြီး ထုတ်လွှင့်ပြခဲ့တာ။ မမြင်ဘူးမဟုတ်လား။ ဘယ်လိုလုပ်မြင်နိုင်မှာလည်း။ ဖုန်းပဲပွတ်နေတာကိုး။
  • ကျွန်တော်က Share ပေးမဲ့ မိတ်ဆွေများကို ချစ်ခင်မင်သလို မိတ်ဆွေများကလည်း “ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌တည်စေမင်း” ဆိုသကဲ့သို့ ရှိတာကြောင့်။ မရှယ်ရင် စိတ်ဆိုးလိုက်မှာနော်။ ကျွန်တော့်ကို မိတ်ဆွေဖွဲ့ချင်လို့ စောင့်နေတာ အကောင့် ၁၀၀၀ တောင် ရှိနေသေးတယ်။ ဒါတောင် တစ်နေ့တစ်နေ့ မွေးနေ့ပေါ်လာတဲ့ Fri တွေကို မွေးနေ့မေတ္တာပို့ဆုတောင်းရင်း Active မဖြစ်တဲ့ Account တွေကို UN (အန်နေလို့)။ သိပြီလား။

(စာဖတ်သူအဆွေ၊ ငြိမ်းအေးသာယာပါစေသား)

<<မြင့်လွင်ပါကြီး>>          <15.1.2019>