“ဘယ်လိုပြောလို့ ဘယ်လိုဖြေရ” အပိုင်း (၆)

  • ကျွန်တော် ၊ လူကရန်ကုန်မှာ။ သင်တန်းရက်တိုလေးတက်နေတာ။ စိတ်ကမန္တလေးမှာ။ သင်တန်းက ဒီနေ့ ညနေပြီးပါတယ်။
  • မနက်သင်တန်းခမ်းမရောက်လို့ စာမသင်ကြားမီ အချိန်လေးရတာနဲ့ ဖေ့စ်ဘုတ်ခဏဖွင့်ကြည့်မိလိုက်တော့ Viber ကနေ ဓာတ်လိုက်မှု ဖြစ်စဉ်လေးပို့ထားတာ တွေ့လိုက်ရတယ်။ စာသင်နေတာနဲ့ ခုမှပဲ ရေးလိုက်ရပါတယ်။
  • ဖြစ်စဉ်က ဒီလိုပါ။ မနေ့က ဇန်နဝါရီလ (၂၄)ရက်၊ အချိန်က ညနေ ၁၅:၅၀ နာရီအချိန်။ မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်အမှတ် (၄၁၅ S1) မှာ နေထိုင်သူ ဦးလွင်လွင်နိုင် (ခ) ဦးမင်နိုင်၊ အသက်(၃၄)နှစ်ဟာ ထော်လာဂျီအဟောင်းတစ်စီးကို တစ်ကောင်အားရှိတဲ့ မော်တာနဲ့ ရေဆေးကြောနေခဲ့တာပါ။ မော်တာကို ဓာတ်အားရရှိဖို့ 7044 ဝါယာကြိုးကို သုံးထားပါတယ်။ အဲဒီကြိုးက ပေါက်ပြဲနေတဲ့နေရာကိုထိမိပြီး ဓာတ်လိုက်သေဆုံးခဲ့ရပါတယ်။ လူကလည်း ရေဆေးနေတာဆိုတော့ စိုနေတာကိုး။ ရေနဲ့လျှပ်စစ်ဆိုရင်တော့ ရှော့မှ ရှော့ပေါ့။
  • ကဲ ဖြစ်သင့်ပါသလား။
  • အဖို့ပါလာတယ်လို့ပြောနေမှာလား။
  • အရာရာကို ကံကိုပုံချမှာလား။
  • လျှပ်စစ်ဌာနရဲ့အားနည်းချက်လို့ ပြောနေမှာလား။
  • လက်ကမ်းစာစောင်တွေဖြန့်ဝေခဲ့တာကိုတော့ သေဆုံးတဲ့သူတွေ ဖတ်ခဲ့ရပါသလား။
  • လက်ကမ်းစာစောင်တစ်စောင်ဖြန့်ဖို့ဆိုတာကလည်း ငွေကုန်ကြေးကျရှိပါတယ်။
  • လျှပ်စစ်ကအသိပညာပေးတာ အားနည်းတယ်လို့ ပြောမှာလား။
  • ကိုယ့်အသိတွေ၊ ဆွေမျိုးသားချင်းတွေ ဓာတ်လိုက်သေဆုံးတာမဟုတ်လို့ ဝမ်းနည်းစရာမဟုတ်ဘူးလို့ ပြောချင်တာလား။
  • အသိပညာပေးတဲ့ဟောပြောပွဲတွေမှာ သေဆုံးတဲ့သူတွေ တက်ရောက်နိုင်ခဲ့ပါသလား။
  • ဟောပြောပွဲတွေက စာသင်ကျောင်းတွေမှာပဲ လုပ်တာမို့။ စာဖတ်သူသိပါတယ်။ အရေးအကြီးဆုံးက လျှပ်စစ်အသိပညာနဲ့ သတိပါပဲ ခင်ဗျား။
  • ပူပူနွေးနွေး ကျွန်တော်ရဲ Smart Nation မိတ်ဆွေများ၊ ဖေ့စ်ဘုတ်မိတ်ဆွေများ၊ ငယ်ပေါင်းရောင်းရင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ မသိလို့ ၊အမှုမဲ့ အမှတ်မဲ့မို့ ဓာတ်လိုက်သေဆုံးတဲ့ ဖြစ်စဉ်မျိုး မဖြစ်အောင် ဝိုင်းဝန်းပြီးရှယ်ပေး၊ သတိပေးပါအုံးလို့။
  • ကျွန်တော်ကတော့ သေဆုံးသူရဲ့မိသားစုနေရာမှာ ဝင်ရောက်ခံစားပြီး ဝမ်းနည်းတယ်။ လွယ်လွယ်လေးနဲ့ သေရလားလို့ တွေးပြီး မဖြေနိုင်အောင်ဖြစ်ရတယ်။ ဘယ်လိုပြောပြလို့ (၅၄)သန်းသော သူတွေသိမှာလည်း။ ကူညီပေးကြပါဦး မိတ်ဆွေများ။။

(စာဖတ်သူအဆွေ၊ ငြိမ်းအေးသာယာပါစေ)

<<မြင့်လွင်ပါကြီး>>          <25.1.2019>