“ဘာကိုပြောလို့ - ဘယ်လိုဖြေရှင်းရ”

  • ၁.၁၀.၂၀၁၈ရက်နေ့ ၊ မြစ်သားမြို့ ၊ စံပြသူဌေးရပ်ကွက်မှာ မောင်ချစ်သူအောင်၊ အသက်၆နှစ်ဟာ နေအိမ်အောက်က မြေကြီးပေါ်မှာ ဖျာခင်းအိပ်ဖို့လုပ်ပါတယ်။ရာသီဥတုပူလို့ ပန်ကာဖွင့်ရန် ယာယီသွယ်တန်းထားတဲ့ မီးပလပ်ခုံကို လက်ယာဘက်လက်နဲ့ကိုင်မိရာမှ ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။
  • ၂.၁၀.၂၀၁၈ရက်နေ့ ၊ ဝမ်းတွင်းမြို့နယ် ၊ ဂျမ်းလုံးကျေးရွာမှ ကိုမင်းမင်းနိုင် ၊ အသက် ၂၅နှစ်ဟာလည်း အထည်ချုပ်စက်မော်တာအဟောင်းတစ်လုံးကို ပြုပြင်ဖို့ မီးပလပ်ထိုးပြီး စမ်းသပ်ကိုင်တွယ်ရာမှ ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။
  • ၁၄.၁၀.၂၀၁၈ရက်နေ့ ၊ ပုလိပ်မြို့နယ် ၊ တဘက်ဆွဲယကျေးရွာမြောက်ပိုင်းမှာနေတဲ့ ဦးဇော်နိုင် ၊ အသက် ၅၂နှစ်ဟာ သူ့ခြံဝင်းအတွင်း အလင်းရောင်ရဖို့ သစ်သားတိုင်မှာ မီးထွန်းထားပါတယ်။ မီးတိုင်ကို မွေးထားတဲ့နွားကကန်လို့ ယိုင်သွားပါတယ်။ တိုင်ပြန်မတ်ဖို့လုပ်ရာမှာ အိမ်ထဲကလျှပ်စစ်မိန်းခလုတ်ကို အရင်မချဘဲ သံဖြင့်ပြုလုပ်ထားတဲ့ လမ်းမီးစလောင်း(အုပ်ဆောင်းပါ) ဂေါက်တံကို လက်နဲ့ကိုင်မိရာက ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။
  • ဒီနေ့စာရေးချိန်ထိ (၃)ယောက်ရှိပါပြီ။ ထပ်မဖြစ်ပါစေနဲ့တော့လို့ ဆုတောင်းနေမိပါတယ်။ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေနဲ့ ၉/၂၀၁၈လမှာ ဓာတ်လိုက်မှုဖြစ်စဉ် (၆)ခုရှိပါတယ်။ ဖြစ်စဉ်တိုင်းမှာ လူသေဆုံးမှုရှိခဲ့ရပါတယ်။ ၈/၂၀၁၈လမှာလည်း ဓာတ်လိုက်မှုဖြစ်စဉ် (၆)ခု ၊ သေဆုံးသူ (၆)ဦးပဲဖြစ်ပါတယ်။ ၇/၂၀၁၈လ ဓာတ်လိုက်မှုဖြစ်စဉ် (၁၀)ခုမှာ (၈)ဦးသေဆုံးပြီး (၂)ဦးဒါဏ်ရာရရှိခဲ့ပါတယ်။ မိမိနေအိမ်မှာ ၊ လုပ်ငန်းခွင်မှာ ၊ ရေမော်တာအသုံးပြုရာမှာ ၊ အကြော်ကြော်နေစဉ်မှာ ပေါက်နေတဲ့ ဝါယာကြိုးတွေ ၊ ဓာတ်အားစီးနေတဲ့ပစ္စည်းတွေကို အမှုမဲ့အမှတ်မဲ့ ထိမိရာမှ ဓာတ်လိုက်သေဆုံးခဲ့ကြခြင်းပဲဖြစ်ပါတယ်။
  • ဆင်းရဲသူများသာ ဓာတ်လိုက်၍သေတတ်သည်ဟု ပြေရမလိုဖြစ်နေပါတယ်။ ဆင်းရဲလို့ ဝါယာကြိုးတွေ ပေါက်ပြဲနေတာကို မလဲနိုင်တာ ၊လျှစ်စစ်အသိ ၊ လျှပ်စစ်သတိမရှိလို့ဖြစ်ရတာ၊ ဆင်းရဲလို့ အလုပ်ကြမ်းလုပ်ရာမှာ ၊ လုပ်ငန်းခွင်မှာ ထိခိုက်တဲ့ဖြစ်စဉ်တွေသာဖြစ်ပါတယ်။ စာသင်ကျောင်း​တွေမှာ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဟောပြေပွဲတွေလုပ်ပြီး ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းတွေ ပြုလုပ်နေပါတယ်။ ကျောင်းသား/ကျောင်းသူတွေကကော မိမိတို့မိသားစုအပါအဝင် နီးစပ်ရာကို အသိပညာ ပြန်လည်ဖြန့်ဝေပါရဲ့လား။ ရာခိုင်နှုန်းအတော်နည်းမည် ထင်ပါသည်။ မိမိတို့ဌာနတောင် အစီအစဉ်လာမည့်အချိန်ကို ကြိုတင်သိရှိသည့် လူနည်းစုသာ ကြည့်ဖြစ်မည်ထင်ပါသည်။
  • ဓာတ်လိုက်မှုဖြစ်စဉ်များကို ပြည်သူသိရှိမှသာ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ သို့အတွက်ဖြစ်ပွားခြင်းကို ထိန်ချန်မထားဘဲ အသိပေးရန် လိုသည်ဟုထင်မြင်ပါသည်။ ရေးရဲရမည် ၊ ပြောရဲရမည် ဖြစ်ပါသည်။ သတင်းစာတွင် ထည့်ရေးနေရုံဖြင့် အရာမထင်ပါ။ ယခင်အစိုးရလက်ထက်တွင် ဆောင်းပါးရှင် “ဝေယံ”မှ လျှပ်စစ်အန္တရာယ်နှင့် ပတ်သက်၍ ရေးသားပြီးဖြစ်သလို စာအုပ်လည်း ထုတ်ဝေပြီးဖြစ်ပါသည်။ လျှပ်စစ်သည်အလင်းဆောင်ပါသည်။ တမလွန်ဘဝ အမိုက်မှောင်ထဲ့သို့ ပို့ဆောင်ပေးသောအရာမဟုတ်ပါ။
  • သို့ဖြစ်ပါ၍ ဓာတ်လိုက်သေဆုံးမှုများ မဖြစ်အောင် မည်သို့ဆောင်ရွက်ကြပါမည်နည်း။ မိတ်ဆွေများ၏ Comment အကြံပြုချက်များသည် လူအသက်များကို ကယ်တင်နိုင်ဖို့ ဖြစ်သလို စာတစ်စောင် ပေတစ်ဖွဲ့အဖြစ် ပြည်သူနှင့် နိုင်ငံတော်သို့ တင်ပြခြင်းဖြင့် ပြည်သူအားလုံးလျှပ်စစ်အသိများ ရရှိသွားမည်ဆိုလျှင် ပို၍ကောင်းမည်ဟု ထင်မြင်မိပါကြောင်း။။

[ ချစ်မိတ်ဆွေ ၊ အကြံကောင်းတစ်ချက်ပေးရင်ဖြင့် OK ]
{ မြင့်လွင်ပါကြီး }            < ၁၆.၁၀.၂၀၁၈ >