.jpg)
မနေ့က နိုဝင်ဘာလ (၁၂) ရက်နေ့။ ဌာနခွဲစာရေးကြီး ဒေါ်သန်းသန်းအေးကို ရုံးဆင်းကာနီး ဝမ်းသာအားရပြောလိုက်မိသေးတယ်။ ဒီလထဲမှာ ဓာတ်လိုက်မှု မဖြစ်သေးဘူးလို့။ ဒေါ်သန်းသန်းအေးကလည်း ဟုတ်တယ်ဆရာ၊ ခုထိဘာမှမဖြစ်သေးဘူး။ မဖြစ်တာကောင်းပါတယ်ဆရာရယ်၊ စိတ်မကောင်းလို့ပါလို့ ပြန်ပြောခဲ့သေးတယ်။ သူကဓာတ်လိုက်မှု ကိစ္စတွေကို မှတ်တမ်းတင် ဆောင်ရွက်ရသူလေ။ မိန်းမသားဆိုတော့ ပိုခံစားမိမှာပေါ့။
ဒီမနက်အစည်းအဝေးလုပ်နေတုန်း AGM ဒေါ်စုစပယ်အောင်က စာရွက်လေးကိုင်ပြီး ဓာတ်လိုက်မှုလို့ တိုးတိုးလေးပြောတယ်။ ဓာတ်လိုက်မှုဆိုရင် ထူးခြားဖြစ်စဉ် သတ်မှတ်ပြီး ဝန်ကြီးရုံးကို ၂၄နာရီအတွင်း တင်ပြရတာပါ။ ဒါပေမဲ့ ဖြစ်တာက မနေ့ည ၇နာရီဆိုတော့ ဒီမနက်မှ ကြေးနန်းစာက ရောက်လာတာကိုး။
၁၂.၁၁.၂၀၁၈ နေ့ (၁၉:၀၀) နာရီကဖြစ်ပါတယ်။ ပလိပ်မြို့၊ နောက်တော်ပါရပ်ကွက်ရှိ ဦးအောင်ကျော်ထွန်းနေအိမ်မှာ သူ၏သားဖြစ်သူ မောင်မျိုးသူ၊ အသက်(၁၃)နှစ်၊ ခုနစ်တန်းကျောင်းသားဟာ၊ အိမ်ခေါင်မိုးပေါ်ကို ကျွဲခေါင်းရုပ်တက်တင်ရာမှ ပေါက်ပြဲဆွေးမြေ့နေသော ဆားဗစ်ဝါယာကြိုးအား လက်ဖြင့်ကိုင်မိပြီး ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။ ကျွဲခေါင်းရုပ်တင်တာဆိုတော့ “နံကရိုင်း” မယ်တော်လား။ နတ်ကိုးကွယ်တာမဟုတ်တော့ စာလုံးပေါင်း မှန် မမှန် မသိပါ။ ဘာပဲပြောပြော သေသင့်လို့၊ သေချိန်တန်လို့၊ သူ့အဖို့ပါလို့ ဆိုပြီး ဖြေပြော ပြောမယ်ဆိုရင်တော့လည်း သဘောပါ။
ကျွန်တော်ကတော့ ဘယ်လိုပြောလို့ ဘယ်လိုဖြေရမှန်းကို မသိအောင်ဖြစ်နေမိပါတယ်။ မဖြစ်သင့်။
နိုဝင်ဘာလအတွင်း ဓာတ်လိုက်မှုတွေကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ပြန်အောက်မေ့ကြည့်မယ်ဆိုလျှင်…
၂၀၁၇ခုနစ် နိုဝင်ဘာလမှ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC) အနေနဲ့ ဓာတ်လိုက်မှုဖြစ်စဉ် (၅)ကြိမ်ရှိခဲ့ပြီး လူ(၃)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူကာလမှာပဲ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(MOEE) အနေနဲ့ကြည့်မယ်ဆိုရင် မန္တလေးတိုင်းဒေသကြီးအပါအဝင် တစ်နိုင်ငံလုံးမှာ ဓာတ်လိုက်မှုဖြစ်စဉ် (၁၄)ခုရှိပါတယ်။ သေဆုံးသူ (၁၀)ဦး နဲ့ ဒဏ်ရာရသူ (၄)ဦးဖြစ်ခဲ့ပါတယ်။
ဓာတ်ကြိုးလို့ ပြောပြောနေတဲ့ လျှပ်စစ်ဝါယာကြိုးတွေကို တွေ့ရင်…
ကြီးကြီး - သေးသေး။
ဟောင်းဟောင်း - သစ်သစ်။
ဆွေးဆွေး - မဆွေးဆွေး။
ကောင်းကောင်း - မကောင်းကောင်း။
တိုတို - ရှည်ရှည်။
နီနီ - ဝါဝါ။
မဲမဲ - ဖြူဖြူ။
ပေါက်ပေါက် - မပေါက်ပေါက်။
အလွယ်တကူမကိုင်ပါနဲ့။ မထိပါနဲ့။
မေ့မေ့လျော့လျော့မလုပ်ပါနဲ့။ အမြဲတမ်းလျှပ်စစ်ဓာတ်အားရှိနေတယ်လို့သတ်မှတ်ပါ။
ကျွန်တော့အမှာစကားလေးကို အားလုံးဆီရောက်အောင် ပို့ပေးကြပါအုံးလို့ ချစ်သော၊ ခင်သော မိတ်ဆွေများကို အကူအညီတောင်းလိုက်ပါတယ်ဗျာ။
(ချစ်သောမိတ်ဆွေ၊ ရှယ်ပါလေ၊ များထွေသက်ရှည်ဖို့)
(မြင့်လွင်ပါကြီး) < 13.11.2018 >