.jpg)
“အမိန့်မရပဲ လိုင်းဖွင့်တာလုပ်ကြံမှုပဲ။
ပညာမဲ့လုပ်ရပ်ပဲ၊ ဘယ်သူ့မှာတာဝန်ရှိသလဲ။
ပေါ့ဆသူကြောင့် အသက်ဆုံးရှုံးရ။
လျှပ်စစ်ပြင်နေတာကို မသိပဲ လွှတ်လိုက်တော့ ဓာတ်လိုက်ပြီပေါ့ သူငယ်ချင်း။ မကြွေသင့်ပဲ ကြွေခဲ့ရတယ်။
နိုင်ငံတော်ကထိထိရောက်ရောက်ကူညီသင့်ပါတယ်။
လျှပ်စစ်ဌာနက ဝန်ထမ်များ မပေါ့ဆစေချင်ပါ။
မကြာခဏကြားရပြီး တစ်ပုံစံတည်းကို ဖြစ်နေရပါတယ်။
မိသားစုနဲ့ ထပ်တူဝမ်းနည်းရပါတယ်။
ကောင်းတဲ့ဘုံနေရာကို ရောက်ကြပါစေ။
ဒေါပုံမြို့နယ် ဝန်ထမ်းများနဲ့ မြို့နယ်အင်ဂျင်နီယာတို့ လုပ်ရက်အပေါ်တန်ဖိုးထားကြပါတယ်။ ဒါပေမဲ့ အသက်အန္တရာယ်တော့ သတိထားကြပါ”။
ဖော်ပြပါစာသားတွေကတော့ 17.11.2018 ရက်နေ့မှာ ဖေ့စ်ဘုတ်မှာ ပေါ်လာသောအသံများသာ။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)၊ ဒေါပုံမြို့နယ်မှာ ဓာတ်လိုက်မှုဖြစ်လို့ ဝန်ထမ်းသေဆုံးမှု ဖြစ်ခဲ့ရပါတယ်။ မီးပျက်သွားလို့ ဓာတ်အားလိုင်းပိတ်ဆောင်ရွက်စဉ် ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။ SOP (Standard Operating Procedure) လို့ခေါ်တဲ့ လုပ်ငန်းစဉ်ကို မလိုက်နာလို့ဖြစ်တာပါ။
လုပ်ငန်းစဉ်ကို မလိုက်နာတာရယ်၊ နားလည်မှုလွဲလို့ အချိတ်အဆက်လွဲ၊ အချိတ်အဆက်လွဲလို့ အဖွင့်အပိတ်မှားပြီး သေနေကြရတာတွေကလည်း ထပ်တလဲလဲဖြစ်စဉ်များပါ။ယခင်အဆက်ဆက်သောလူကြီးတွေက လျှပ်စစ်ဝန်ထမ်း ဓာတ်လိုက်ပြီးသေတယ်ဆိုတာ မဖြစ်သင့်ဘူး၊ တာဝန်ရှိသူတွေကို အရေးယူရမယ်လို့ အစည်းအဝေးတိုင်းမှာ ပြောဆိုနေတာတွေကို နားထဲကမထွက်သေးပါ။ ဓာတ်အားလိုင်းပေါ်မတက်ခင်မှာလည်း ကိုယ်တက်မဲ့ ဓာတ်အားလိုင်းမှာ ဓာတ်အားရှိနေ/မနေကိုလည်း စစ်ဆေးဖို့ အတန်တန်ပြောပြီးသားပါ။ Safety Equipment တွေ ဝတ်ဆင်ဖို့ကိုလည်း ပြောပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့သေခဲ့ပြီ။ ဝမ်းနည်းရုံကလွဲပြီး ဘယ်လိုပြောရမှာပါလည်း။
နောက်တစ်ခုက 17ရက်နေ့ကပါပဲ။ MESC နယ်မြေမှာဖြစ်တာပါ။
“ဟလို--ဆရာမြင့်လွင်လား၊
ဆရာ ၊ ကျွန်တော်ဆရာ့ရုံးခန်းကို လာသွားခဲ့တဲ့ 7 Day ကသတင်းထောက်ပါ။ ဖေ့စ်ဘုတ်ပေါ်မှာ ဓာတ်လိုက်မှုသတင်းလေး တက်လာလို့၊ ဘယ်လိုဖြစ်တယ်ဆိုတာသိချင်လို့ပါဆရာ”။
“အဲန် - ခင်ဗျားပြောမှပဲသိရတယ်ဗျ၊ ဘယ်အကောင့်ကတက်တာလည်း။
Ye Lin Aung အကောင့်မှာပါဆရာ။
ကောင်းပါပြီ၊ ကျွန်တော် ကြည့်လိုက်ပါအုံးမယ်နော။
ပြန်ပြေပေးပါ့မယ်”။
တွေ့ပါပြီ၊ ၈၄လမ်း၊ ၃၇လမ်းနဲ့ ၃၈လမ်းကြားမှာ၊
ဆောက်လက်စအဆောက်အအုံပေါ်ကို သံချောင်းလုံးတွေဆွဲ မတင်ရင်း သံချောင်းနဲ့ ဓာတ်အားလိုင်းကြိုးထိမိပြီး အလုပ်သမားနှစ်ဦး ဓာတ်လိုက်မှု ဖြစ်ခဲ့တာပါ။ ဆေးရုံရောက်ပြီး အသက်မသေဘူးလို့ သိရပါတယ်။ ဒါတွေကလည်း ဖြစ်လို့ကို မဆုံးနိုင်ပါ။
ကဲ - မကြိုက်ဘူးဆိုတာ သိပေမဲ့-
မြို့နယ်ကတာဝန်ရှိသူတွေကို မေးလိုက်မယ်။
အဆောက်အအုံဆောက်တာတွေနဲ့ ပတ်သက်လို့ ဓာတ်အားလိုင်းတွေနဲ့ အဆောက်အအုံကင်းလွတ်ရမဲ့ အကွာအဝေးတွေ သတ်မှတ်ထားရှိပြီးဖြစ်ပါတယ်။ ကင်းလွတ်ပါရဲ့လား။
မြို့နယ်လျှပ်စစ်မန်နေဂျာရုံးက တာဝန်ရှိသူတွေကကော ဆင်းစစ်ပါရဲ့လား။
ဆောက်တဲ့သူကရုံးကိုလာမပြောလို့ မစစ်ဘူးဆိုရင်တော့ မဟုတ်သေးဘူးလို့ပဲ ပြောရပါမယ်။ အဆောက်အအုံဆောက်နေစဉ်မှာ ဓာတ်အားလိုင်းနဲ့ ကင်လွတ်အကွာအဝေးမရှိရင် လျှပ်စစ်ဌာနက ကန့်ကွက်နိုင်ပါတယ်။ အဆောက်အအုံကို ဆက်မလုပ်ဖို့ တားမြစ်နိုင်ပါတယ်။ အဆောက်အအုံဆောက်လုပ်ပြီးမှ ဓာတ်အားလိုင်းနဲ့ ကင်းလွတ်အကွာအဝေးမှာမရှိလို့၊ လျှပ်စစ်အန္တရာယ်ကျရောက်နိုင်လို့ အဲဒီအချိန်ကျခါမှ အဆောက်အအုံ ပြန်ဖျက်ခိုင်းတာမျိုး မလုပ်ဖို့ဆိုတာကိုလည်း သိပြီးဖြစ်မှာပါ။
ဒီထက်ပိုပြီး တာဝန်သိသော၊ စေတနာရှိသော၊ မိမိအလုပ်ကို အာရုံစိုက်သော ဝန်ထမ်းဆိုရင် ဒီလိုဆောက်လုပ်နေတဲ့ လုပ်ငန်းခွင်တွေမှာ လျှပ်စစ်အန္တရာယ်ကင်းရှင်းဖို့လေးများ မပြောပြချင်ဘူးလား။
ကိုယ်ကမအားမလပ်အောင် အလုပ်များနေတယ်ဆိုရင်လည်း လုပ်ငန်းခွင်ကတာဝန်ရှိသူပဲဖြစ်ဖြစ်၊ အလုပ်သမားခေါင်းပဲဖြစ်ဖြစ် တစ်ဦးဦးကို ရုံးခေါ်ပြီး ရှင်းပြတာမျိုးဖြစ်ဖြစ် လုပ်နိုင်ရင်ပိုမကောင်းဘူးလား။
နောက်ဆုံး လျှပ်စစ်အန္တရယ်ကင်ရှင်းရေး လက်ကမ်းစာစောင်လေးကို အဲဒီအလုပ်လုပ်နေတဲ့နေရာကို ဝန်ထမ်းတပည့် တစ်ယောက်ယောက်နဲ့ သွားပေးခိုင်းရင်ကော ပိုလို့မကောင်းဘူးလား။
ဓာတ်လိုက်မှုဖြစ်ပြီး ဓာတ်အားပြတ်တောက်ခဲ့ရင် နစ်နာကြေးတောင်းရမယ်ဆိုတာကော သိပါသလား။
ဒီလိုလုပ်ခဲ့ရင် ကိုယ့်ကိုယ်ကို ပိုပြီး စိတ်ဓာတ်ခွန်အား ပြည့်လာမယ်၊ ယုံကြည်မှုကောင်းလာမယ်လို့ မထင်မိဘူးလား။
ကိုယ့်ဖက်ကဒီလိုစေတနာထားပြီး လုပ်ခဲ့တယ်ဆိုရင် ဓာတ်လိုက်မှုဖြစ်ခဲ့ရင်-။ အဲဒီအလုပ်ရှင်ပဲဖြစ်ဖြစ်၊ အလုပ်သမားခေါင်းကိုပဲဖြစ်ဖြစ်၊ Site တာဝန်ခံကိုပဲဖြစ်ဖြစ် လျှပ်စစ်ဥပဒေအရသော်လည်းကောင်း၊ အုပ်ချုပ်မှုနည်းလမ်းအရသော်လည်းကောင်း အရေးယူနိုင်မယ်ဆိုရင် ဒီလိုဖြစ်စဉ်မျိုးတွေ လျော့ကျသွားနိုင်မယ်လို့ မထင်ဘူးလား။
ဌာနက ဒီလိုမျိုးပါဝင်လာမှ ထိခိုက်ဒဏ်ရာရသူ အလုပ်သမားအတွက် ထိုက်သင့်တဲ့ လျော်ကြေးငွေကို အလုပ်ရှင်၊ အလုပ်သမားခေါင်းက ရှောင်လွှဲလို့မရပဲ ပေးလာနိုင်တယ်ဆိုတာကိုကော မခန့်မှန်းနိုင်ဘူးလား။
ကဲ - ပြောပြီးပြီ။
ဘယ်လိုပြောပြီး ဘယ်လိုဖြေမှာလည်း။
ကျွန်တော့ချစ်မိတ်ဆွေများကတော့ ဓာတ်လိုက်ပြီး လူတွေမသေဆုံးရလေအောင် အသိပညာ ဝိုင်းဝန်းဖြန့်ဝေ ရှယ်ပေးနေတာကို တွေ့နေရတာမို့ အထူး အထူးကျေးဇူးတင်ပါတယ်လို့။ ။
(မိတ်ဆွေစေတနာ ၊ မွန်မြတ်ပါသည် ၊ ရှယ်ကာဖြန့်ပေး၊ လူမှုရေး)
(မြင့်လွင်ပါကြီး) < 18.11.2018 >