.jpg)
မန္တလေး စက်တင်ဘာ ၂၄
မရှိမဖြစ် - လျှပ်စစ်
- အဆင်း လှပ ၊ ကြည့်ချင်က ၊ လျှပ််စစ် ရှိမှရ ။ (မျက်စိ)
- သာယာ သံချို ၊ နားဆင် လို ၊ လျှပ်စစ် စွမ်းအင်လို ။ (နား)
- သင်း ရနံ အေး ၊ ကြိုင် လှိုင်မွှေး ၊ လျှပ်စစ်နဲ့ပေး ။(နှာခေါင်း)
- အရသာ ရှိရှိ ၊ စားလိုဘိ ၊ လျှပ်စစ် လိုပါ၏ ။ (လျှာ)
- ထိတွေ့ ခံစား ၊ ရုပ်ဝတ္ထုများ ၊ လျှပ်စစ်နဲ့သွား ။ (ကိုယ်)
- စိတ်၏ ဖြစ်ပျက် ၊ မြန်ဆန်ချက် ၊ လျှပ်စစ် ကြိမ်နှုန်းထက် ။ (စိတ်)
- လူ၏ လိုရာ ၊ လျှပ်စစ်ပါ၍ ၊ မြန်မာဤမြေ ၊ တို့ဌာနေကို ၊လှစေဝင့်ထည် ၊ ချမ်းသာကြွယ်စို ၊ လျှပ်စစ်လို ။
ကျွန်တော်နှင့်ကိုမောင်တူး တို့နှစ်ယောက် စီးလာသော ကားလေးမှာ မန္တလေး - ဗန်းမော် - မြစ်ကြီးနားသွား ပြည်ထောင်စု ကားလမ်းမကြီးပေါ် တရိပ်ရိပ် ပြေးလျက် ။ ခရီးစဉ်၏ ရည်ရွယ်ချက်ကား သပိတ်ကျင်း - တကောင်းဒေသ လျှပ်စစ်မီးပေးနိုင်မှုကို မှတ်တမ်းတင်နိုင်ရန် အတွက်ပင် ။
တွင်းငယ်ဓာတ်အားခွဲရုံ
ကျွန်တော်တို့ကားလေးမှာ မန္တလေး - မတ္တရာ - စဉ့်ကိုင်မြို့နဲ့ သပိတ်ကျင်း လမ်းဆုံတွေကို ဖြတ်ကျော်ခဲ့ပြီး တွင်းငယ်ကျေးရွာ လမ်းဆုံကို ရောက်ရှိခဲ့ပါတယ် ။ လမ်းဆုံကို ကျော်ပြီး ရှေ့တည့်တည့်ကို ဆက်မောင်းခဲ့ရာမှာ ၉၈ မိုင်၄ ဖာလုံခန့်အရောက်မှာတော့ လမ်းရဲ့လက်ဝဲဘက်မှာ တွေ့လိုက်ရတာက ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ တွင်းငယ်ဓာတ်အားခွဲရုံ ။ အပြာရောင် ဆေးသားတောက်တောက်နဲ့ အသစ်စက်စက်ခွဲရုံလေးက အဖြူရောင် မိုးကုတ်စက်ဝိုင်းရဲ့အောက်မှာ တည်ငြိမ်စွာ ရှိနေပါတယ်။ ဒီတွင်းငယ် ဓာတ်အားခွဲရုံကနေပြီး သပိတ်ကျင်း မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်တဲ့ တွင်းငယ် ၊ ရှားတော ၊ ဒေါင်ဖုန်း နဲ့ ပေါက်တပင်ရွာတို့မှ အိမ်ထောင်စု(၁၇၄၆)စု ၊ လူဦးရေ(၁၁၀၉၄)ဦးတို့အတွက် ၂၀၁၈ ခုနှစ်စက်တင်ဘာလ ၈ ရက်နေ့(၁၅း၀၀) နာရီ ကစပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သို့သော်လည်း ရှားတော နှင့် ဒေါင်ဖုန်း ရွာများအတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ပြီးစီးခြင်း မရှိသေး၍ လျှပ်စစ်ဓာတ်အား မသုံးစွဲနိုင်သေးကြောင်း သိရှိရပါတယ် ။
ကြာညှပ်(ကြံညှပ်)ဓာတ်အားခွဲရုံ
စာရေးသူတို့ဟာ တွင်းငယ်ဓာတ်အားခွဲရုံကို ဝင်ရောက်ကြည့်ရှုခဲ့ပြီးနောက် ဆက်လက်ထွက်ခွာခဲ့ပါ တယ်။ ကားလမ်းရဲ့ ဝဲယာ နှစ်ဖက်စလုံးမှာတော့ စိုက်ပျိုး ထားတဲ့ ကျွန်းပင်ငယ်များဟာ သုံးလေးပင်တန်း ကားလမ်း တစ်လျောက်အပြိုင် ရှိနေတာ ကိုတွေ့ရပါတယ်။ ကျွန်းပင်ငယ်တွေရဲ့ အနောက်ဘက်ကို ချောင်းကြည့်မိ ပြန်တော့ ကြံခင်းများ ၊ ပြောင်းခင်းများ ၊ လယ်ကွက်များ ၊ ဥယျာဉ်ခြံခင်းများ ကိုတွေ့ရှိရပါတယ်။ ဟိုးခပ်ဝေးဝေးမှာတော့ တောင်ကုန်းများက မိုးရာသီကာလ ဖြစ်တာ မို့ မှိုင်းမှိုင်းညှို့ညှို့ ရီရီဝေဝေ ။ ပတ်ဝန်းကျင်ကိုငေးမောနေတုန်း ကားအရှိန်က သိသိသာသာ နှေးသွားတာကြောင့် လမ်းမပေါ်ကို အကြည့်က ပြန်ရောက်လာပါတယ်။ ကားလမ်းနှစ်ဘက် ဘေးအစပ်ပေါ်မှာ ပျိုးပင်ထုပ်တွေ စီတန်းချ ၊ နွယ်ပင် နွယ်ကြိုးနဲ့ အင်္ကျီအဝတ်တွေကို ကြိုးပမာ ချိတ်ဆက်ပြီး ကားလမ်းတစ်ဘက်တစ်ချက်ကနေ ဆွဲလို့ ကြိုးတားနေတဲ့ ကောက်စိုက်သမ တစ်သုတ်ကို တွေ့ရပါတယ်။ အနားရောက်လို့ မေးကြည့်တဲ့အခါမှာတော့ အပျော်သဘောနဲ့ အလှူခံနေတာဖြစ်ကြောင်း သိရှိရ ပါတယ်။ ကားလေးဟာ မိုင်တိုင်အမှတ်(၁၀၈/၀)ကို အရောက် လမ်းရဲ့ဝဲဖက်မှာတော့ ကြာညှပ်ခွဲရုံကို တွေ့ရှိရပါတယ်။ ဒီခွဲရုံဟာ ၆၆/၃၃ ကေဗွီ ၁၅ အမ်ဗွီအေ နဲ့ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ တပ်ဆင် ဝန်အားရှိပါတယ်။ သပိတ်ကျင်း မြို့နယ်အတွင်းရှိ ကျေးရွာတွေဖြစ်တဲ့ ကြာညှပ် ၊ မြင်သာ ၊ ရွှေစကား၊ ကိုးပင် ၊ပုတီးဖြူ၊ လက်ပံကုန်း၊ ဝါးရုံကုန်း ၊ သီးကုန်း ၊ ဆယ်ဇင်းကုန်း ၊ မင်းကုန်းစတဲ့ စုစုပေါင်း ကျေးရွာ (၁၀)ရွာ ၊ အိမ်ထောင်စု (၃၃၆၃)စု ၊ လူဦးရေ (၂၀၈၂၆)ဦးတို့ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ (၁၆:၂၅) နာရီကစပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေခဲ့ပြီ ဖြစ်ပါတယ်။ ကြာညှပ်ခွဲရုံအသစ်ကလည်း ဓာတ်အားဖြန့်ဖြူးပေးနေရတာကို ဂုဏ်ယူနေဟန်ဖြင့် ဝင့်ကြွားလျှက်။
တကောင်းခွဲရုံ
စာရေးသူတို့ဟာ ဆက်လက်ထွက်ခွာခဲ့ရာမှာ မိုင်တိုင်အမှတ် ၁၂၄ မိုင် ၃ ဖာလုံ အရောက်မှာတော့ တကောင်းသို့ ၂ မိုင် ၄ ဖာလုံဆိုပြီး ဘယ်ဘက်မျှားပြထား တာမို့ ကားကို ဘယ်ဘက် ချိုးကွေ့ လိုက်ပါတယ်။ မကြာမီအချိန်အတွင်း ကျွန်တော်တို့ရဲ့ ကားလေးဟာ တကောင်းမြို့ရဲ့ တောင်ဘက် အထွက် မှာရှိတဲ့ တကောင်းခွဲရုံ ရှေ့ကို ဆိုက်ရောက်ခဲ့ပါတယ်။ တကောင်းခွဲရုံဟာ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဖြစ်ပြီး တကောင်းမြို့ပေါ်ရှိ ရပ်ကွက်အမှတ် ၁ ၊ ၂ ၊ ၃ နှင့် ကျေးရွာများဖြစ်သည့် ကျောက်အိုက် ၊ ဖုန်ကုန်း ၊ ညောင်လေးပင် ၊ မန်ကျည်းကုန်း ၊ ဆင်ညှပ်ကုန်း ၊ ရေယာဉ် စတဲ့ ကျေးရွာ (၆)ရွာတွင် နေထိုင်သည့် အိမ်ထောင်စု (၆၉၆၇)စု ၊ လူဦးရေ (၃၆၂၅၃)ဦး တို့ကို၂၀၁၈ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ (၁၈း၀၀) နာရီ ကစပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်။ ရာဇဝင်ထဲက တကောင်းကို ပိုမိုသိရှိ နိုင်ရန်အတွက် တကောင်းမြို့နှင့် လိုက်ဖက်ညီစွာ ခွဲရုံသစ်ကလည်း ဟိတ်ဟန် ထည်ထည်ဝါဝါ။
ဂျိုက်ကာ (JICA)ချေးငွေဖြင့် ဆောင်ရွက်ခဲ့သည့် စီမံကိန်း
သပိတ်ကျင်းနှင့် တကောင်းဒေသဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ဓာတ်အားရရှိနိုင်ရန် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) ချေးငွေစီမံကိန်း အပိုင်း(၁) Japan ODA Loan (MY–P1)ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ စတင်၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့တာဖြစ်ပြီး စီမံကိန်းမှာ ပါဝင်တဲ့ လုပ်ငန်းများ အနေနဲ့ကတော့ -
ကြာညှပ် ၆၆/၃၃ ကေဗွီ ၁၅ အမ်ဗွီအေ နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ ၊ တကောင်း ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေခွဲရုံ၊ တွင်းငယ် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ခွဲရုံ ၊ ဇရပ်ကွင်း-ကြာညှပ် (၆၆) ကေဗွီဓာတ်အားလိုင်း (၄၂)မိုင် ၊ ကြာညှပ်-တကောင်း (၃၃) ကေဗွီဓာတ်အားလိုင်း (၁၇.၄)မိုင် ၊ ကြာညှပ်-တွင်းငယ် (၃၃) ကေဗွီ ဓာတ်အားလိုင်း (၁၀)မိုင် ၊ ကြာညှပ်- တကောင်း- တွင်းငယ်တို့ရှိ ကျေးရွာ (၂၀)ရွာတို့တွင် ၁၁ကေဗွီလိုင်း (၄၀)မိုင် ၊ ၄၀၀ ဗို့လိုင်း (၂၉)မိုင် ၊ ၁၁/၀.၄ ကေဗွီခွဲရုံ (၂၉)ရုံ တို့ဖြစ်ပါတယ် ။
ကုန်ကျစရိတ်အနေဖြင့် ပစ္စည်းတန်ဘိုးနှင့်တည်ဆောက်စရိတ် စုစုပေါင်းငွေကျပ် ၉၅၂၉,၅၂၅,၃၅၆ / ( ၉.၅၂၉ ဘီလီယံကျော် )ရှိပြီး တင်ဒါအောင်မြင်ခဲ့ သည့် ပြည်တွင်းကုမ္မဏီ (၃)ခုမှ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိခဲ့ရပါတယ်။ စီမံကိန်း၏ အကျိုးသက်ရောက်မှုအနေဖြင့် တကောင်းမြို့ပေါ် ရပ်ကွက် (၃)ခုအပါအဝင် သပိတ်ကျင်းမြို့နယ်နှင့် တကောင်းမြို့ အတွင်းက ကျေးရွာစုစုပေါင်း(၂၀)တွင်ရှိသော အိမ်ထောင်စု(၁၂၀၇၆)နှင့်လူဦးရေ (၆၈၁၇၃) ဦးတို့ဟာ လျှပ်စစ် ဓာတ်အား ရရှိခံစားနေကြပြီ ဖြစ်ပါတယ်။
လျှော်ကြေးနစ်နာကြေးပေးချေခဲ့ရမှု
ဓာတ်အားလိုင်းတည်ဆောက်ရေးမှာ လိုင်းနှင့်မလွတ်ကင်းသော ကျွန်းနှင့်သစ်မာပင် (၂၂၉)ပင်အတွက်လျှော်ကြေးငွေကျပ်(၃.၃၃၈)သန်းကို သစ်တောရေးရာ ဝန်ကြီးဌာနသို့ (၂၈.၃.၂၀၁၈)ရက်နေ့တွင် ပေးသွင်းပြီး ဖြစ်ပါတယ်။ ပုဂ္ဂလိကခြံပိုင်ရှင်များသို့ တစ်ဦးချင်း ပေးလျော်မှုများ ရှိသကဲ့သို့ ပေးချေရန် ကျန်ရှိနေသူများကို လည်း ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
ယခင်က လျှပ်စစ်ဓာတ်အားပေးခဲ့မှုအခြေအနေ
၂၉.၁၁.၁၉၉၇ ရက်နေ့တွင် (၁၈) ကေဗွီအေ ( YAMA) အမျိုးအစား ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း (၂.၅)မိုင် တည်ဆောက်ပြီး တကောင်းမြို့ပေါ်ရပ်ကွက်များသို့ ဓာတ်အား စတင်ဖြန့်ဖြူးပေးခဲ့ပါတယ် ။ ယင်းအချိန်မှ (၁၄.၅.၂၀၀၁) ရက်နေ့အထိ သပိတ်ကျင်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ပူးတွဲတာဝန်ယူခဲ့ပြီး (၁၅.၅.၂၀၀၁) ရက်နေ့မှစတင်၍ တကောင်းမြို့လျှပ်စစ်မှူးရုံးကို သီးခြားဖွင့်လှစ် ဆောင်ရွက်ခဲ့ပါတယ်။ ယင်းအချိန်က တစ်ညလျှင် (၂း၃၀)နာရီ အကြာသာ ဓာတ်အားပေးနိုင်ခဲ့သော်လည်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအဖြစ် ပြောင်းလဲပြီးချိန်တွင် (၂၀၀)ကေဗွီအေ (DAEWOO) အမျိုးအစား မီးစက်တစ်လုံး၊ ၇၅ ကေဗွီအေ(HO7C) အမျိုးအစား ဒီဇယ်ဓာတ်အားပေးစက် (၂)လုံးတို့ဖြင့် တကောင်းမြို့ပေါ်ရပ်ကွက်နှင့်ဌာနဆိုင်ရာများသို့ တစ်ညလျှင်(၃)နာရီကျော် ဓာတ်အားဖြန့်ဖြူး ပေးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။
မီးစက်ဖြင့် ဓာတ်အားပေးခဲ့ရာတွင် (၇/၂၀၁၈)လ၏ စာရင်းအရ မီးသုံးသူဦးရေမှာ အစိုးရဌာန ဆိုင်ရာ(၂၅) ဦး၊ ပြည်သူ(၃၀၉)ဦး၊ လမ်းမီး(၁)ဦး၊ စုစုပေါင်း (၃၃၅)ဦးသာရှိခဲ့၍ ရောင်းချယူနစ် (၁၆၈၀၀) ယူနစ် ၊ ဓာတ်အားခ ငွေကျပ် ၊ ၇၃၁၀၀၀/သာ ရရှိကြောင်း သိရှိရပါတယ်။
တကောင်းဆိုသည်မှာ
တကောင်းသည် ပုဂံခေတ်နှင့်အပြိုင် ယဉ်ကျေးမှု ထွန်းကားခဲ့သည့်နေရာဟု ဆိုကြသကဲ့သို့ အချို့သော အထောက်အထားများအရ အေဒီ(၁၁)ရာစု ပုဂံခေတ် ထက်ပင် စောခဲ့သည်ဟု ဖော်ပြခဲ့ကြပါသည်။ ပျူယဉ်ကျေးမှု ထွန်းကားခဲ့ပြီး မဇ္စျိမဒေသ ကပိလဝတ်ပြည်မှ ထွက်ခွာလာခဲ့သော သကျသာကီဝင် အဘိရာဇာမင်း တည်ထားခဲ့သည့် တကောင်းဖြစ်သည်ဟုလည်း ဆိုကြပါသေးသည်။ တကောင်းနှင့် ပတ်သက်၍ ငယ်စဉ်အခါက အိပ်ရာဝင်ပုံပြင်များကို ရင်ထဲစွဲအောင်ကြားဖူးခဲ့ရာ နဂါးနိုင်မင်းခေါ် မောင်ပေါက်ကျိုင်း၏အကြောင်း၊ ဝက်ကြီးကိုနှိမ်နှင်းဖို့ ထွက်ခွာသွားပြီးနောက် ရသေ့ပြုသည့် ခေပဒူတအိမ်ရှေ့မင်း၏အကြောင်း ၊ ဖောင်နှင့်အမျှောခံ ရသည့် မဟာသမ္ဘဝနှင့် စူဠာသမ္ဘဝ မျက်မမြင်ညီနောင်အကြောင်း ၊ ပန်းပဲမောင်တင့်တယ် နှင့် နှမငယ်၏အကြောင်း ၊ တကောင်းမင်းမျိုးဖြစ်သည့် မဟာသမ္ဘဝမင်းမှ ဆင်းသက်လာသော သရေခေတ္တရာ ပြည်ကြီးကို ကနဦး တည်ထောင်ခဲ့သည့် ဒွတ္တဘောင်မင်းကြီး၏ အကြောင်းတို့ကား ဘယ်သောအခါမှ မရိုးနိုင်သော ဇာတ်လမ်း ပမာများသာ ။
ယင်းအပြင် တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ၊ တကောင်းမြို့ရိုး ဟောင်းနေရာ ၊ ရွှေစည်းခုံ ဘုရားအုတ်ခုံ ၊ လေးမျက်နှာဘုရား ၊ ယဉ်စွန်းတန်း ဖြတ်သွားသည့် နေရာ ၊ ပေါက်ကျိုင်းဘုရား ၊ ဦးတိုက် ဘုရားတို့မှာလည်း သမိုင်းနှင့် ဆက်စပ်၍ လေ့လာနိုင်သော အရာများ ဖြစ်ပါသည်။ ဘုရားလေး ဆိပ်ခေါ် (မြစ်ဆိပ်နေရာ) ရှိ စေတီငယ်ပေါ်မှနေ၍ ဧရာဝတီမြစ်ကြီးနှင့် အနောက်ဘက် မင်းဝံတောင်တန်းကြီးတို့၏ မြင်ကွင်းကား ရှု၍မဆုံး၊ ကြည့်၍မဝသော သဘာဝအလှ တရားများဖြစ်၍ ခရီးသွားများကို ဆွဲဆောင်မည့် နေရာများသာ ဖြစ်ပါသည်။
လျှပ်စစ်မီး ဖန်တီးရှင်တို့၏အသံ
ကျွန်တော်နဲ့ ကိုမောင်တူးတို့ဟာ သပိတ်ကျင်း-တကောင်းဒေသ မီးလင်းရေးအတွက် အနီးကပ် ကြီးကြပ်ဆောင်ရွက်နေသော ပြင်ဦးလွင်ခရိုင် ဒုတိယလျှပ်စစ် မန်နေဂျာ ဦးငြိမ်းချမ်းကျော် နှင့် တကောင်းမြို့လျှပ်စစ်မန်နေဂျာ ဦးစိုင်းကျော်သူရအောင်တို့နှင့်လည်း တွေ့ဆုံခဲ့ပါသေးတယ်။ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ၊ ဗီနိုင်း ဆိုင်းဘုတ်များ ထောင်ခြင်း ၊ ကျေးရွာများသို့ လှည့်လည်ဟောပြော ပညာပေးရန် စီစဉ်ထားခြင်းများလည်း ရှိနေကြောင်း သိရ၍ လျှပ်စစ်ဝန်ထမ်းများ၏ စေတနာနှင့် တာဝန်သိမှုအပေါ် အားရကျေနပ်မှု ဖြစ်ခဲ့ရပါတယ်။
ပြည်သူ့စကား နားထောင်ငြား
စာရေးသူတို့ဟာ လျှပ်စစ်ဝန်ထမ်းများ၏ ကူညီမှုဖြင့် လျှပ်စစ်မီးရရှိသွားပြီဖြစ်တဲ့ ရဟန်းရှင်လူ ပြည်သူလူထု၏ စကားသံများကိုလည်း စစ်တမ်း ကောက်ယူခဲ့ပါသေးတယ် ။အားလုံး၏ တူညီသော စကားသံတွေကတော့ မီးရရှိအောင် ဆောင်ရွက်ပေးခဲ့၍ တာဝန်ရှိသူများကို ကျေးဇူးတင်ပါကြောင်း ၊ လျှပ်စစ်မီး ကြောင့် ၎င်းတို့၏ ကျေးလက်တောရွာများသည် မြို့ကဲ့သို့ ဖြစ်သွားကြောင် ၊ ထင်း ၊ မီးသွေး မသုံးရ၍ အချိန်ကုန် သက်သာသကဲ့သို့ သစ်တောပြုန်းတီးမှုကိုလည်း ကာကွယ်ရာရောက်ကြောင်း ၊ လျှပ်စစ်ဆိုသည်မှာ လူနေမှုအဆင့်အတန်းတစ်ခုအဖြစ် မရှိမဖြစ် အရေးပါကြောင်း ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ၊ ဘာသာရေး တိုးတက်အောင် အထောက်အကူပြုပါကြောင်း ၊ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရပါကြောင်း ၊ နိုင်ငံတော်ကြီးလည်း ဒီထက်မက အောင်မြင်တိုးတက်ပါစေကြောင်း စသည့် စသည့် ရင်တွင်းစကားများပင် ဖြစ်ပါတော့သတည်း ။ ။
ဆောင်ပါးရှင် - မြင့်လွင်ပါကြီး
ဦးမြင့်လွင်
ဒုတိယအထွေထွေမန်နေဂျာ(စီမံ)
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း