ဘယ်လိုပြောလို့ ဘယ်လိုဖြေရ

            15.10.2018 ရက်နေ့အထိ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) အတွင်းဓာတ်လိုက်မှု ဖြစ်စဉ် သုံးခု ၊ သေဆုံးသူ သုံးဦး ရှိကြောင်းရေးသားခဲ့ပြီး 16.10.2018 ရက်နေ့တွင် Post  တင်ခဲ့ပါသည်။ ရည်ရွယ်ချက်မှာ ဖြစ်စဉ် များကို သိရှိပြီး သတိပြု ဂရုစိုက်နိုင်ရန် ဖြစ်ပါသည်။ ပျော်၍ မဟုတ်ပါ။

            ခုလည်း လကုန်ပြီမို့ ဆက်ရေးပါရစေ ။ 16.10.2018 ရက်နေ့ ၁၀:၃၀ နာရီတွင် ချမ်းမြသာစည်မြို့နယ် ၊ ထွန်တုံးရပ်ကွက် ၊ မမ-၁/၈၉ ရှိ ဒေါ်အုန်းကြည်ထမင်းဆိုင်တွင် ဦးတင်မောင်ဦး (၅၇)နှစ်သည် မီးဖိုခန်းရှိ မီးပလပ်ပေါက် ပျက်နေသဖြင့် ပြုပြင်ခဲ့ရာမှ ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။ မိန်းခလုတ် ချ ၊ မီးမပိတ်ဘဲ ပြုပြင်တဲ့အတွက်ကြောင့် မီးခလုတ်ပျက်မှာ ဓာတ်အားရှိနေတာ ဖြစ်ပါတယ်။

28.10.2018 ရက်နေ့ ၁၆:၂၀ နာရီအချိန်ဖြစ်ပါတယ်။ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် ၊ ၅၄ x ၅၅ လမ်း နှင့် ၃၃ x ၃၄ လမ်းကြားရှိ ဒေါ်သီတာထွန်းနေအိမ်တွင် မီးဖိုချောင်အခန်းရှိ 12 V (၁၂)ဗို့ ဘတ္ထရီ အားသွင်းရန် အင်တာဗာ မှတစ်ဆင့် မီးရှိနေသော အနီ/အနက် ညှပ်ကလစ်အား ဘတ္ထရီငုတ်တွင် ချိတ်ရန်လုပ်ကိုင်စဉ် ညှပ်ကလစ် နှစ်ခုထိမိပြီး ဓာတ်လိုက် သေဆုံးခဲ့ ပါတယ်။ အနီ/အနက်(အဖို/အမ)ထိမိရင် လျှပ်ကူးတတ်ပါတယ်။

            ဒါဆိုရင် ဒီလထဲမှာ MESC က ဖြစ်စဉ် ငါးခုပေါ့။ ကဲ သေသင့်လို့ရတယ်ဆိုပြီး ကံကို ပုံချကြမှာလားဗျာ။ အဖို့ပါလာလို့ နေမှာပါဆိုပြီး ပြောဦးမှာလား ။ ဝမ်းနည်းတာတောင် ကိုယ့်မိသားစု ၊ ကိုယ့်ဆွေမျိုး ၊ ကိုယ့်အသိမဟုတ်လို့ မပြောဘဲ ဖာသိဖာသာ နေမှာလား ။ ဒီဖြစ်စဉ်တွေကို သိနေ ၊ ကြားနေသူ တစ်ယောက်အတွက်တော့ ဘယ်လိုပြောပြရပါ့မလည်း၊ မေးလာလျှင်လည်း ဘယ်လိုဖြေပေးရမလဲလို့ စဉ်းစားနေမိပါတယ်။

            အနီးစပ်ဆုံးနှစ်တွေရဲ့ အောက်တိုဘာလ တစ်လထဲမှာ ဖြစ်ခဲ့တာတွေကို ပြန်ကြည့်ရင်-

  • MESC အနေနဲ့2016 ခုနှစ်မှာ ဓာတ်လိုက်မှု(၆)ကြိမ် ဖြစ်ပြီး သေဆုံးသူ လူ(၄)ဦး ၊ ထိခိုက်ဒဏ်ရာရသူ (၁)ဦး နှင့် နွား(၄)ကောင် သေဆုံးခဲ့ပါတယ်။2017 မှာ ဓာတ်လိုက်မှု(၄)ကြိမ် ဖြစ်ပွားပြီး သေဆုံးသူ (၄)ဦး ရှိခဲ့ပါတယ်။
  • MOEE ဝန်ကြီးဌာန တစ်ခုလုံးအနေနဲ့ ကြည့်ရင် 2016 ခုနှစ်မှာ ဓာတ်လိုက်မှု (၂၆)ကြိမ် ဖြစ်ပြီးတော့ သေဆုံးသူ (၂၃)ဦး၊ ထိခိုက်ဒဏ်ရာရသူ(၆)ဦး ရှိပါတယ်။2017 မှာ ဓာတ်လိုက်မှု(၂၂)ကြိမ်ဖြစ်ပြီး သေဆုံးသူ(၂၀)ဦး ၊ ထိခိုက်ဒဏ်ရာရသူ (၆) ဦး ဖြစ်ပါတယ်။

ဖော်ပြခဲ့တာက တစ်လစာထဲပါ ။ တစ်နှစ်လုံးအတွက်ဆိုရင်တော့ မစဉ်းစားပါနဲ့ ။ Data  ရှိပါတယ်ဗျာ ။

            စာဖတ်သူ ကိုယ်တိုင်လည်း လျှပ်စစ်သတိရှိပါစေ ။ မိသားစုများကိုလည်း ပြောပြပေးပါ ။ အသိ၊  သတိ ရှိအောင် ဖြန့်ဝေ ပေးခြင်းဖြင့်လည်း ကုသိုလ်ယူနိုင်ပါစေ။ ဓာတ်လိုက်သေဆုံးနေရခြင်းကိုတော့ဖြင့် ဘယ်လိုပြောပြ၍ ဘယ်လို ဖြေသိမ့်ရမှန်း မသိအောင်ပင် ဖြစ်နေရသည်မို့…။

(ကူညီကာပေး ၊ လူမှုရေး ၊ မနှေးရှယ်ပါစို့ )။

(မြင့်လွင်ပါကြီး) < 30.10.2018 >