မော်ဒန်စွမ်းအင်(မင်းလူ)

ဓာတုအင်ဂျင်နီယာ ​ဒေါက်တာဒေဝစက္ခုသည် “အောင်ပြီ၊ အောင်ပြီ”ဟု ကြွေးကျော်ပြီးနောက် ဓာတ်ခွဲခန်း အပြင်သို့ ပြေးထွက်ခဲ့သည်။ သုတေသနအဆောက်အအုံ အပြင်ကိုရောက်တော့မှ ပြင်ပလောကတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေကြောင်း သတိပြုမိ၏။

ညဉ့်နက်လှပြီ။ ထို့ကြောင့် အဆောက်အအုံထဲပြန်ဝင်ခဲ့ရသည်။ ဓာတ်ခွဲခန်းထဲပြန်ရောက်ပြီး တိုင်ကပ်နာရီ ကို လှမ်းကြည့်သည်။ ၂နာရီထိုးလုပြီ။ သူ၏အောင်မြင်မှုကို ချက်ချင်းလက်ငင်းပြောပြစရာလူမရှိသဖြင့် စိတ်ထဲက မရိုးမရွဖြစ်နေရသည်။ ယခုစမ်းသပ်မှုမှာ အထူးလျှို့ဝှက်ထားဖို့ လိုအပ်သဖြင့် လက်ထောက် တပည့်တပန်းပင် ခေါ်မထားဘဲ တစ်ယောက်တည်း ကျိတ်လုပ်ခဲ့ရခြင်းဖြစ်၏။ ထို့ကြောင့် ဓာတ်ခွဲခန်းထဲမှာ သူတစ်ယောက်တည်း သာရှိနေသည်။

အခန်းထဲ၌ အင်ဂျင်စက်လည်သံ သဲ့သဲ့ ကြားနေရသည်။ ထိုအင်ဂျင်စက်ကို နှိုးထားခဲ့သည်မှာ မိနစ် ၄၀ ရှိပြီ။ ခုထိအရှိန်ကောင်းစွာလည်နေတုန်း။ ဒီအတွက် အသုံးပြုရသည့်လောင်စာဆီမှာ မ​ပြောပလောက်အောင်ပင် နည်းပါးသည်။ အားလုံးပေါင်းမှ တစ်စီစီ သာဖြစ်၏။ အရပ်သုံးစကားနှင့် ပြောရလျှင် လောင်စာဆီ တစ်စက်တည်း သာ အသုံးပြုရ၏။ ထိုအချက်သည်ပင် သူ၏စမ်းသပ်သုတေသနပြမှု အောင်မြင်ခြင်းဖြစ်၏။ တစ်နည်းအားဖြင့် တစ်ကမ္ဘာလုံး အုန်းအုန်းကျွတ်ကျွတ် ဖြစ်လောင်အောင် ကြီးကျယ်သည့် တီထွင်မှုကြီးဖြစ်လေသည်။

သို့ရာတွင် လောလောဆယ်မှာတော့ သူတစ်ယောက်တည်းမဟုတ်သေးပါဘူးဟု တွေးမိမှ သူ့ဇနီးကို သတိရ လိုက်သည်။ ခုချိန်လောက်ဆို အိပ်နေလောက်ပြီ။ ဘာပဲဖြစ်ဖြစ် ဦးဦးဖျားဖျား ဆောလျင်စွာ အသိပေးရမည်။

တယ်လီဖုန်းကိုယူပြီး အိမ်ကို ဆက်သွယ်လိုက်သည်။ အတန်ကြာတော့မှ သူ့ဇနီးက ဖုန်းကိုင်သည်။ တယ်လီဖုန်းနှင့် ဆက်သွယ်ထားသော ရုပ်သံကားချပ်ပေါ်မှာ သူ့ဇနီး၏ပုံပေါ်လာသည်။ အိပ်ရာမှထလာရသဖြင့် အိပ်မှုန်စုံမွှား ဖြစ်နေပုံကိုမြင်ရသည်။ အိမ်ကတယ်လီဖုန်းကားချပ်ပေါ်မှာတော့ တက်ကြွလန်းဆန်းနေသည့် မိမိ၏ပုံ ပေါ်နေပေလိမ့်မည်။

“အချစ်ရေ…ကိုယ်စမ်းသပ်နေတဲ့ကိစ္စ အောင်မြင်သွားပြီ ၊ ကိုယ်တို့အရမ်းချမ်းသာတော့မယ်ကွ၊ သိလား…”

“ဟင်…ဟုတ်လား”

သူ့ဇနီးမှာ ချက်ချင်းအိပ်ချင်ပြေသွားပုံရပြီး အံ့သြဝမ်းသာမှုက မျက်နှာပေါ်မှာ ထင်ရှားပေါ်လွင်လာသည်။

“ကျွန်မတို့… ကျွန်မတို့…”

ဟုရေရွတ်ရင်း မျက်လုံးထဲမှာ မျက်ရည်တွေပြည့်လျှံလာသည်။ သူက အလောတကြီးပြောလိုက်သည်။

“ဟေ့…သိပ်အဖိုးတန်တဲ့မျက်ရည်တွေကို အလဟဿ မဖြုန်းတီးပစ်နဲ့လေ”

နှစ်ဆယ့်တစ်ရာစု အစောပိုင်းလောက်မှစ၍ ကမ္ဘာပေါ်တွင် စွမ်းအင်အကျပ်အတည်း ဖြစ်လာခဲ့သည်။ အကြောင်းတရားတွေကတော့ အများကြီးပင်ဖြစ်၏။

ကမ္ဘာ့ရေနံသိုက်များ လျောနည်းလာသည်။ အိုဇုန်းလွှာပေါက်ပြဲမှု ပိုမိုကျယ်ပြန့်လာသဖြင့် သဘာဝပတ်ဝန်း ကျင်အတွက် စိုးရိမ်စရာဖြစ်လာခဲ့သည်။ ထို့ကြောင့် ရေနံစွမ်းအင်ကို အကန့်အသတ်ဖြင့်သာ သုံးစွဲကြရသည်။

ရေနံနေရာတွင် အဏုမြူစွမ်းအင်ကို အစားထိုးဖို့ကြိုးစားကြသည်။ သို့ရာတွင် အဏုမြူစွမ်းအင်မှာ လက်နက်အဖြစ်လည်း အသုံပြုနိုင်သဖြင့် အင်အားကြီးနိုင်ငံတွေက နည်းပညာဖြန့်ဝေပေးရန် တွန့်ဆုတ်နေကြ သည်။ ထို့အပြင် အဏုမြူလောင်စာ စွန့်ပစ်ပစ္စည်းတွေ စုပုံလာပြီး အဆိပ်အတောက်ဖြစ်လာသည်။ ပတ်ဝန်းကျင် ပျက်စီးမှု၊ လေထုညစ်ညမ်းမှုများ ဖြစ်လာသည်။ အချို့နိုင်ငံများက ကိုယ့်မှာရှိသမျှ နည်းပညာဖြင့် အဏုမြူ ဓာတ်အားပေးစက်ရုံများ တည်ထောင်ကြသည်။ နည်းစနစ်အားနည်းမှုကြောင့် စက်ရုံတွေ ပေါက်ကွဲမှု ဖြစ်သည်။ ရေဒီယို သတ္တိကြွမှုကြောင့် လူအများအပြားသေကြေကြရသည်။ သီးနှံများ၊ စားသောက်ကုန်များ ဓာတ်ရောင်ခြည် သင့်ပြီး သုံးမရ၊ စားမရဖြစ်ကုန်သည်။ အဏုမြူစွမ်းအင်ထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ်သုံးရသော ယူရေနီယမ် စျေးကလည်း အလွန်ကြီးမြင့်လာသဖြင့် တွက်ခြေမကိုက်ဘဲ ဖြစ်လာလေသည်။

ထိုအခါ ပတ်ဝန်ကျင်ညစ်ညမ်းမှု ကင်းစင်သော ရေအားလျှပ်စစ်ထုတ်လုပ်မှုများတွင်ကျယ်လာသည်။ ရေတံခွန်မှန်သမျှ ၊ မြစ်ချောင်းမှန်သမျှမှာ ရေအားလျှပ်စစ်စက်ရုံတွေ တည်ဆောက်ကြသည်။ ဒါကလည်း မြစ်ချောင်းပေါများသော ဒေသအတွက်သာ အဆင်ပြေသည်။ မြစ်တွေ၊ ချောင်းတွေ ဆိုတာကလည်း ခရီးသွားရေး၊ ကုန်စည်ပို့ဆောင်ရေးအတွက်လည်း သုံးဖို့နေရာပေးရသေးသည်။

တချို့ကတော့ ပင်လယ်ဒီရေလှိုင်း၏ ရိုက်ခတ်မှုအားကိုယူ၍ လျှပ်စစ်ထုတ်ယူကြသည်။ တချို့လည်း ပင်လယ်တွင်းရှိ ရေစီးကြောင်းများမှ ထုတ်ယူဖို့ ကြိုးစားကြသည်။ လေရဟတ်များ ပြန်လည် ခေတ်စားလာသည်။ ကုန်းမြင့်များ ၊ ပင်လယ်ကမ်းစပ်များတွင် တိုက်ခတ်သော လေအဟုန်ဖြင့် ရဟတ်များကိုလည်ပတ်စေပြီး လျှပ်စစ် ဓာတ်ထုတ်ယူကြသည်။

အချို့သိပ္ပံပညာရှင်များက တစ်မျိုးကြံစည်ကြသည်။ သူတို့စိတ်ကူးက အလွန်သေးငယ်ပေါ့ပါးသော ရဟတ် ကလေးများကို မြေပြင်ပေါ်တွင် ချထားမည်။ တကယ်တော့ ထိုရဟတ်က​လေးများမှာ ဂျင်နရေတာ အသေးစား ကလေးများသာဖြစ်သည်။ မိုးရွာသောအခါ ကောင်းကင်မှကျလာသော မိုးစက်မိုးပေါက်တို့ ထိမှန်သည့် အရှိန်ဖြင့် ရဟတ်ကလေးများ လည်ပတ်မည်။ ထိုအခါ မပြောပလောက်သော လျှပ်စစ်ဓာတ်အားကိုရမည် ထိုကဲ့သို့သော ကိရိယာလေးပေါင်း သိန်းနှင့်ချီ၍ရှိသောကြောင့် အားလုံးစုပေါင်းလိုက်လျှင် မြင့်မားသောလျှပ်စစ်ဓာတ်အားကို ရနိုင်မည်ဟုစိတ်ကူးသည်။ သို့ရာတွင် မိုးဆိုတာက မိုးတွင်းမှာတောင် နေ့တိုင်း ရွာတာမဟုတ်။

တချို့ကလည်း ဓာတ်အားရုံကြီးများတွင် မိုးကြိုးမြှူသည့် ကိရိယာများ တပ်ဆင်မည်။ ထိုအခါ ပစ်သမျှ မိုးကြိုးများက ထိုကိရိယာကို လာမှန်မည်။ မိုးကြိုးပစ်ရာမှ ရရှိသော လျှပ်စစ်ဓာတ်အားကို သိုလှောင်၍ လိုအပ် သလို ဖြန့်ဖြူးနိုင်မည်ဟု သီအိုရီထုတ်သည်။ ထိုသီအိုရီအရဆိုလျှင် “ဘုရားစူး မိုးကြိုးပစ်”ဟု ကျိန်တွယ်သူတွေ များလာဖွယ်ရာ ရှိသည်ဟု သတင်းစာများက ထေ့ကြလှောင်ကြသည်။

နောက်ပိုင်းတွင် နေရောင်ခြည်စွမ်းအင်သုံးစွဲမှု များပြားလာခဲ့သည်။ နေရောင်ကို ဖောဖောသီသီရသော နိုင်ငံများ တစ်ပန်းသာသည်။ တချို့က နေရောင်ခြည်ကို အိတ်စပို့ လုပ်ဖို့နည်းပညာတွေရှာဖွေလာကြသည်။

နေရောင်ခြည်အရနည်းသော နိုင်ငံများက တစ်မျိုးကြံစည်ကြသည်။ နေရောင်အမြဲရနိုင်သော ကမ္ဘာ့လေထု အပြင်ဘက်သို့ ဓာတ်အားစုဆောင်းသည့် ဂြိုဟ်ထု စက်ရုံများလွှတ်တင်မည်။ ရရှိသောလျှပ်စစ်ဓာတ်အားကို မိုက်ခရိုဝေ့(ဖ်) အဖြစ် အသွင်ပြောင်း၍ မြေပြင်စခန်းသို့ ပို့မည်။ မြေပြင်စခန်းက မိုက်ခရိုဝေ့(ဖ်)များကို လျှပ်စစ် ဓာတ်အားအဖြစ် ပြန်ပြောင်းပြီး ဖြန့်ဖြူးမည်။

သို့ရာတွင် အထက်ပါနည်းပညာ အားလုံးမှာ ကုန်ကျစရိတ်မြင့်မားသည်ချည်းပင် ဖြစ်၍ အခက်ကြုံနေကြ ရသည်။

ဒီလိုအခြေအနေမှာပင် ကမ္ဘာ့အီလက်ထရွန်းနစ် စျေးကွက်က အလွန်အမင်းကြီးထွားလာသည်။ နည်းပညာ တိုးတက်ဆန်းသစ်လာမှုကြောင့် အီလက်ထရွန်းနစ်ပစ္စည်းများမှာ လူတိုင်းအလွယ်တကူဝယ်သုံးနိုင်လောက်အောင် စျေးချိုလာ၏။ ထို့အပြင် မော်တော်ကား၊ သင်္ဘော၊ မီးရထား၊ လေယာဉ်စသည်တို့လည်း အဆမတန်များပြား လာခဲ့သည်။ တစ်ဖက်ကစွမ်းအင်ထုတ်လုပ်မှု ကျဆင်းနေချိန်ဖြစ်သောကြောင့် အထုတ်နှင့် အသုံးမမျှဘဲ အကျပ် အတည်းက ပိုပြီးကြီးလာသည်။

ထိုအခါ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်စေသည်ဆိုသော အကြောင်းပြချက်ဖြင့် အကန့်အသတ်နှင့်သာ အသုံးပြုနေရသော ရေနံ​လောင်စာကို မပြည့်အဝ ပြန်လည်အသုံးပြုခွင့်ပေးသင့်ကြောင်း အဆိုပြုသောနိုင်ငံများ ပေါ်ပေါက်လာသည်။ သူတို့က ရေနံသုံးစွဲမှုကို ကန့်သတ်မည့်အစား ပေါက်ပြဲသွားသော အိုဇုန်းလွှာ ဖာထေးဖို့သာ ကြိုးစားသင့်သည်ဟု အဆိုပြုသည်။ ကမ္ဘာ့နိုင်ငံအားလုံး စုပေါင်းအကုန်အကျခံပြီး အိုဇုန်းဓာတ်ငွေ့ထုတ်လုပ်သည့် ဧရာမဂြိုဟ်ထုစက်ရုံကြီးကို လွှတ်တင်ပြီး ပေါက်ပြဲသောနေရာကို ဖာထေးပြုပြင်နိုင်သည်ဟုအကြံပေးသည်။

နောင်မှဖြစ်ချင်တာဖြစ်၊ လောလောဆယ် လောင်စာအကျပ်အတည်း  ပြေလည်ရင်ပြီးရောဆိုပြီး ရေနံလောင်စာကို ကိုယ်သဘောနှင့် ကိုယ်သုံးဖို့ တာစူသောနိုင်ငံများလည်း ရှိလာသည်။၏

တကယ်တော့ရေနံမြေကို အပြည့်အဝ ပြန်သုံးလာလျှင်ပင် လောင်စာစွမ်းအင်အကျပ်အတည်းက အလို အလျောက်သာ ပြေလည်နိုင်မည်။ ရေနံထုတ်လုပ်မှုက လျောကျနေပြီ မဟုတ်ပါလား။

အထက်ပါအကြောင်းအချက်များကြောင့် သိပ္ပံပညာရှင်များသည် အစားထိုးနိုင်မည့် လောင်စာနည်းပညာများကို အသည်းအသန့် သုတေသနပြု ရှာဖွေကြလေသည်။ အချို့မှာ စိတ်ကူးအဆင့်၊ အချို့မှာ သီအိုရီအဆင့်၊ တချို့ကတော လက်တွေ့စမ်းသပ်ပြနိုင်သည်။ သို့ရာတွင် အလုပ်ဖြစ်လောက်အောင် ထုတ်လုပ်ဖို့ အခက်အခဲတွေရှိနေသည်။

ထိုအချိန်တွင် ဒေါက်တာဒေဝစက္ခုက ရေနံနေရာတွင် အစားထိုးနိုင်မည့် လောင်စာအရည်တစ်မျိုးကို သုတေသန ပြုလုပ်ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအရည်ကား အခြားမဟုတ် “မျက်ရည်”ပင်ဖြစ်လေ၏။

မျက်ရည်၏စွမ်းအင်ကလည်း အံ့မခန်းပင်ဖြစ်၏။ မျက်ရည် တစ်စီစီ(တစ်စက်ခန့်)သည် ဓာတ်ဆီ တစ်လီတာ၏ စွမ်းအားနှင့် ညီမျှသည်။ တစ်နည်းအားဖြင့် မျက်ရည်သည် ဓာတ်ဆီထက် အဆပေါင်း တစ်ထောင် ပို၍ အစွမ်းထက်သည်။

သူ၏တီထွင်မှုက အလွန်အကျိုးပြုသည်။ မျက်ရည်၏စွမ်းအားက အလွန်မြင့်မားသဖြင့် မော်တော်ယာဉ်များမှာ မျက်ရည်တစ်ကြိမ် ဖြည့်ထားလျှင် တစ်သက်လုံးမောင်းနှင်နိုင်သလို ဖြစ်နေ၏။ ပင်လယ်ကူးသင်္ဘောကြီးများမှာ ဒီဇယ်ဆီ ဂါလံပေါင်း ထောင်သောင်းချီ ထည့်သွားစရာမလိုတော့။

လောင်စာဆီအတွက် အလေးချိန်ရော၊ နေရာအကျယ်အဝန်းပါ သက်သာသွားသဖြင့် ကုန်စည် အမြောက်အမြား ပိုမိုတင်ဆောင်နိုင်သည်။ ဒုံးပျံများ၊ အာကာသလွန်းပျံယာဉ်များလည်း လောင်စာအရည်အခဲ တန်နှင့်ချီပြီး သယ်ဆောင်စရာမလိုတော့သဖြင့် ခရီးအကွာအဝေး ပိုမိုသွားနိုင်သည်။ အင်္ဂါဂြိုဟ်ပေါ်သို့ လူဆင်းသက်နိုင်ပြီဖြစ်၏။

အိမ်တိုင်းအိမ်တိုင်းတွင် ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားပေးစက်များရှိပြီး မျက်ရည်တစ်လီတာထည့်ထားလျှင် သုံးနှစ်လောက်အဆက်မပြတ် လည်ပတ်နိုင်သည်။ အဆိုပါ နည်းပညာကို စတင်တီထွင်ခဲ့သော ဒေါက်တာဒေဝစက္ခုမှာ နေ့ချင်းညချင်း ချမ်းသာသွားသည်။ ထို့အတူ မျက်ရည်သည် စျေးကောင်းရသောပစ္စည်းဖြစ်လာသည်။ ကမ္ဘာပေါ်တွင် မျက်ရည်စျေးကွက်ပေါ်ထွန်းလာသည်။ မျက်ရည်ကို စျေးကောင်းပေး၍ လိုက်လံစုဆောင်း ဝယ်ယူသည့် ကုမ္ပဏီများ ပေါ်ပေါက်လာသည်။

လူတို့သည်လည်း ငိုကြွေးခြင်း၌ ခုံမင်လာကြသည်။ အငိုသင်တန်းများ ၊ အငိုအကျိုးဆောင်လုပ်ငန်းများ ထွန်းကားလာသည်။ အလွမ်းအဆွေးရုပ်ရှင်ဇာတ်ကားများ ၊ အလွမ်းဝတ္ထုများ ခေတ်စားလာသည်။ မိန်းကလေးတွေကလည်း မူးရူးနှိပ်စက်တတ်သော ယောက်ျားများကိုမှ ရွေး၍လက်ထပ်ကြသည်။ မျက်ရည်နှင့် မျက်ခွက်ဖြစ်လေ၊ တွက်ခြေကိုက်လေမဟုတ်လား။ အငိုသန်သောကလေးများကို အကျိုးပေးသည်ဟုဆိုပြီး မိဘတွေက ပိုချစ်ကြသည်။ တချို့မိဘတွေကတော့ မိဘတွေကို အကြောင်းမရှိအကြောင်းရှာပြီး ရိုက်ကြသဖြင့် ဥပဒေထုတ်ပြီးတားမြစ်ယူရ၏။

တချို့ကမျက်ရည်ချူသည့်အနေဖြင့် ကြက်သွန်ဥနီများကို ရှူကြသောကြောင့် ကြက်သွန်နီစျေးတွေတက်ကုန်သည်။ နှာချေလျှင် မျက်ရည်ထွက်တတ်သည်ဟု ဆိုသဖြင့် ကတိုးနှာရှူကြရာ အချေလွန်ပြီး နှာခေါင်းရောဂါတွေဖြစ်သူတွေလည်းရှိသည်။ မျက်စဉ်းတွေခတ်လိုခတ်၊ မျက်စိထဲပရုတ်ဆီထည့်လိုထည့် လုပ်ကြသဖြင့် မျက်စိပျက်သူတွေလည်း မနည်းလှချေ။ မီးခိုးမှိုင်း အရှူကောင်းသဖြင့် အဆုတ်ရောဂါရသူတွေကလည်း တစ်မှောင့်။

မျက်ရည်ဆိုသည်မှာ အစွမ်းထက်တာတော့မှန်သည်။ သို့ရာတွင် ရေနံလိုမြေကြီးထဲက အလွယ်တကူထုတ်ယူလို့မရ။ လူ၏ခန္ဓာကိုယ်မှ ထွက်လာရခြင်းဖြစ်၏။ လူတွေကလည်းလောဘကြီးသည်။ ကိုယ်အသုံးလိုသလောက်မဟုတ်ဘဲ စီးပွားဖြစ်ထုတ်ချင်လာသည်။ မျက်ရည်စျေးကလည်း တဖြည်းဖြည်းပိုတက်လာသဖြင့် မျက်ရည်မထွက်ထွင်အောင် နည်းမျိုးစုံဖြင့် ကြိုးစားလာကြသည်။ အစပိုင်းမှာ ဟုတ်သလိုလို ရှိသော်လည်း ကြာရှည်ကျတော့မလွယ်လှ။ မျက်ရည်ခန်းခြောက်သည့် ရောဂါတွေဖြစ်လာ၏။

ဤသို့ဖြင့် မျက်ရည်ရှားပါးလာသည်။ စျေးကလည်း အဆမတန်တက်လာသည်။ ချွေးဖြင့် မျက်ရည်အတု လုပ်ရောင်းသူတွေပင် ရှိလာသည်။ ဟိုအရင်တုန်းကလို စွမ်းအင်အကျပ်အတည်းဆိုက်ဖို့ ဦးတည်လာပြန်သည်။

သို့တိုင်အောင်…

ရပ်ကွက်တစ်ခုတွင် လူပျိုကြီး တစ်ယောက်ရှိလေ၏။ ထိုသူမှာ သူများတကာလို အခက်အခဲမရှိ။ နေ့စဉ်နေ့တိုင်းပင် ပင်နယ်စလင် တစ်ပုလင်းစာခန့်ရှိသောမျက်ရည်ကို ပုံမှန်ထုတ်ရောင်းနေနိုင်သည်။ ထိုရောင်းရငွေဖြင့် ချောင်လည်စွာနေထိုင်စားသောက်နိုင်သည်။ တိုက်တစ်လုံးဝယ်ပြီး နောက်ဆုံးပေါ်ကားအသစ် တစ်စီးတောင် စီးနိုင်သည်။

ထိုအခါ အခြားလူတွေက သူ့အပေါ်စိတ်ဝင်စားလာကြသည်။ ဘာကြောင့် ခုလို နေ့စဉ်ပုံမှန် မျက်ရည်ထုတ်လုပ်နေနိုင်သလဲ သိချင်လာကြသည်။ သူ့ကိုမေးတော့လည်း ပြုံးစေ့စေ့သာလုပ်နေ၏။

လူတွေကအမျိုးမျိုး ထင်မြင်ချက်ပေးကြသည်။ ဟိုအရင်က ရည်းစာကွဲခဲ့တာတွေ ပြန်စဉ်းစားပြီး မျက်ရည်ကျကျနေတာဖြစ်နိုင်တယ်၊ ရည်းစားဟောင်းရဲ့ ဖြတ်စာတွေ ပြန်ဖတ်လို့နေမှာပေါ့ စသည်ဖြင့် တွေးတောကြသည်။ သို့ရာတွင် သူ့မှာဘယ်တုန်းကမှ ရည်းစားရှိခဲ့တာမဟုတ်။ ပြီးတော့သူ့ကြည့်ရတာ ညညငိုထားသည့်ပုံလည်းမပေါ်။ စားကောင်းသောက်ကောင်း ဝဝဖြိုးဖြိုး။ မျက်နှာကလည်း ကြည်ကြည်လင်လင်။

နောက်ဆုံးတော့ ညဘက်ကျလျှင် သူဘာလုပ်သလဲ တိတ်တဆိတ်ချောင်းကြည့်ကြဖို့ ဆုံးဖြတ်ကြသည်။ ဤသို့ဖြင့် တစ်ညမှာ သူ့အိမ်ကို ချဉ်းကပ်ပြီး ချောင်းမြောင်းကြသည်။ ထိုအခါကျမှ လူပျိုကြီး၏ လျှို့ဝှက်ချက်ကို သိကြရလေ၏။

လူတွေအမှတ်တမဲ့ဖြစ်ပြီး မေ့လျောနေသည့် အချက်ကို လူပျိုကြီးကကောင်းစွာအသုံးချခဲ့ခြင်းဖြစ်၏။ တခြားမဟုတ် လူတို့သည် ငိုမှသာ မျက်ရည်ထွက်ခြင်းမဟုတ်။ ဟက်ဟက်ပက်ပက်ရယ်မောလျှင်လည်း မျက်ရည်ထွက်တက်သည်ဟူသော အချက်ပင်ဖြစ်၏။

လူပျိုကြီးသည် ညအိပ်ခါနီးလျှင် ရယ်စရာ မဂ္ဂဇင်းကို ဖတ်သည်။ ထို့နောက် ခွက်ထိုးခွက်လန် ရယ်လေသည်။ ရယ်ရလွန်း၍ မျက်ရည်များ ထွက်ကျလာသောအခါ ပုလင်းကလေးဖြင့် ခံထားပြီး နောက်တစ်နေ့ထုတ်ရောင်းသည်။ ဤသည်မှာ သူ၏ ညစဉ်အလုပ်ဖြစ်၏။

ထိုသတင်းမှာ တစ်ယောက်စကား တစ်ယောက်နားသို့ ပျံ့နှံ့သွားပြီး လူတိုင်းလူတိုင်း ရယ်စရာမဂ္ဂဇင်းကို အလုအယက် ဝယ်ယူငှားရမ်း ဖတ်ရှုကြသည်။ ထိုအကြောင်းကို ကမ္ဘာကပါသိသွားသောအခါ မဂ္ဂဇင်းတိုက်သို့ အမှာစာတွေအမြောက်အမြား စုပြုံရောက်ရှိလာသည်။

ဤသို့ဖြင့် ရယ်စရာမဂ္ဂဇင်းမှာ ဘာသာပေါင်းများစွာဖြင့် စောင်ရေသန်းပေါင်းများစွာ ရိုက်နှိပ်ပြီး ကမ္ဘာအနှံ့ ဖြန့်ချိရောင်းချရသည်။ မဂ္ဂဇင်းထုတ်ဝေသူမှာလည်း ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်သွားသည်။ စာရေးဆရာများအား မဂ္ဂဇင်းမှ ဟာသဝတ္ထုတစ်ပုဒ်အတွက် စာမူခ ဒေါ်လာတစ်သိန်းချီးမြှင့်သည်။ ဟာသစာရေးဆရာများမှာ ကိုယ်ပိုင် ဂျက်လေယာဉ်များ၊ ဇိမ်ခံရွက်သင်္ဘောများ၊ ရိုး(စ်)ရွိုက်ကားများ၊ မာစီဒီးကားများ ဝယ်စီးကြလေတော့သည်။

(ပျော်စရာကောင်းလေစွ)။

(သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်း၊ ၁၉၉၆၊ သြဂုတ်)

                                                                                                                                                         မင်းလူ(နှလုံးသား ၃၈၀/၅၄)