“ဇရပ်ကွင်း - မိုးကုတ် မှသည် မိုးမိတ် ဆီသို့”

 

 ဇရပ်ကွင်း - မိုးကုတ် မှသည် မိုးမိတ် ဆီသို့

ဇရပ်ကွင်း၊  ဇူလိုင်  ၂

မတ်လ(၂၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ မိုးကုတ်မြို့တည်နှစ်(၈၀၀)ပြည့်ပွဲတော်ကို စည်ကားသိုက်မြိုက် စွာ ကျင်းပခဲ့ပါတယ်။ ဆိုရှယ်မီဒီယာများ၏ အစွမ်းကြောင့် ပွဲတော်၏အလှကို မြန်မာသာမက ကမ္ဘာကပင် တွေ့မြင်ခဲ့ကြပြီးပါပြီ။ နွေရာသီ ဖြစ်သော်လည်း အအေးဓာတ် လွှမ်းခြုံဆဲသာ ရှိနေသေးသည့် ပတ္တမြားမြေ၏ ညချမ်းအလှကို ဖြည့်ဆည်းပေးထားသည့် အရာက မီးရောင်စုံများသာ ။ ထိုသို့သော မီးရောင်စုံများ ထွန်းညှိနိုင် ရန် လျှပ်စစ်ဓာတ်အားကို (၂၁.၃.၂၀၁၈)ရက်နေ့ အရောက် မိုးကုတ်မြို့သို့ ပို့ပေး လိုက်နိုင်သည့် အရာကား ၆၆ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများပင် ။ ထိုမျှနှင့် မလုံလောက်သေး။ ၎င်းလိုင်းနှင့်ခွဲရုံများကို လျှပ်စစ် ဓာတ်အား အသက်သွင်းပေးလိုက်နိုင်သည့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်ချက်များကသာ အဓိက ဖြစ်ပါတယ် ။ ၎င်းအပြင် ဓာတ်အားလိုင်းနှင့်ခွဲရုံများ တည်ဆောက် ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏အောင်မြင်မှုများလည်းပဲ ဖြစ်ပါတယ်။ ဤမျှနှင့်မပြီးသေး ၂၅.၃.၂၀၁၈ ရက်နေ့တွင် ၆၆ ကေဗွီ ဓာတ်အားကို မိုးမိတ်ဓာတ်အား ခွဲရုံသို့ ဆက်လက် ပို့လွှတ်ခဲ့ပြီး မိုးမိတ်မြို့ပေါ်ရပ်ကွက် (၄)ခုကို လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူး ပေးနိုင်ခဲ့ပါတယ်။ ၁၁.၄.၂၀၁၈ရက်နေ့မှာတော့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ၊ မိုးမိတ်မြို့နယ် ၆၆/၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံနှင့်(၂၄)နာရီ မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို မိုးမိတ်မြို့ အားကစားကွင်းမှာ ဆောင်ရွက်ခဲ့ပါတယ်။ဤကဲ့သို့သော စွမ်းဆောင်မှုများကို မှတ်တမ်းတင်နိုင်ရန်အတွက် ကျွန်တော်နှင့်ကိုမောင်တူး တို့(၂)ယောက် မန္တလေး မှ ဇရပ်ကွင်း - မိုးကုတ် - မိုးမိတ် ဆီသို့(၁၅၆)မိုင် ခရီးအကွာအဝေးကို ကားတစ်စီး ဖြင့် ခရီးစတင် ခဲ့ကြပါတော့တယ် ။

ဇရပ်ကွင်း  ၆၆ ကေဗွီ ဓာတ်အားခွဲရုံ

စာရေးသူတို့ ကားလေးဟာ မတ္တရာမြို့နယ်နှင့်စဉ့်ကူးမြို့နယ်တို့ကိုကျော်ပြီး သပိတ်ကျင်းမြို့နယ် ထဲက ဇရပ်ကွင်းကျေးရွာထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ကျေးရွာအလွန် မိုင်တိုင်အမှတ်(၇၀) အနီး ဘယ် ဘက်ကို ကြည့်လိုက်တော့ ခွဲရုံအသစ်ကြီးကို ထီးထီးကြီးတွေ့လိုက်ရလို့ ခွဲရုံအတွင်း ဝင်ရောက်ခဲ့ ပါတယ်။ ခွဲရုံဝင်းအတွင်း ပန်းအလှပင်များ စိုက်ပျိုးထားတာက မျက်စေ့ပသာဒဖြစ်ရသလို ရာသီပေါ် စားသုံးသီးနှံ ပင်များကလည်း စိမ်းစိမ်းစိုစို ရှိလှတာမို့ စိတ်ကြည်နူးမိပါတယ်။ ဇရပ်ကွင်းခွဲရုံ မှ မိုးကုတ်မြို့နယ် နှင့် သပိတ်ကျင်းမြို့နယ်များကို ယခင်က ၃၃ ကေဗွီလိုင်း ဖြင့် ဓာတ်အားပို့လွှတ်ခဲ့သော်လည်း (၂၁.၃.၂၀၁၈) ရက်နေ့တွင် မိုးကုတ်မြို့နယ်သို့ ၆၆ ကေဗွီ ဓာတ်အားလိုင်းဖြင့် ပြောင်းလဲပေးပို့နိုင်ခဲ့ကြောင်း သိရှိရပါ တယ်။ ခွဲရုံအတွင်း ၆၆ ကေဗွီ Switch Bay (၂)ခု ၆၆/၃၃ ကေဗွီ ၂၀ အမ်ဗွီအေ(၁)လုံး၊ ၃၃ကေဗွီ Switch Bay(၂)ခုတပ်ဆင်ထားပြီး ကုန်ကျစရိတ်မှာ ငွေကျပ်သန်းပေါင်း(၄၀၀၀)ခန့် ရှိကြောင်းသိရပါတယ်။သပိတ်ကျင်းမြို့နယ်အတွင်း  ဓာတ်အားရရှိနိုင်ရေး အတွက်   ဓာတ်အားလိုင်းဆွဲရာတွင် မလွတ်ကင်းသည့် သစ်တောရေးရာဝန်ကြီးဌာနပိုင် ကျွန်းပင်နှင့် ကျွန်းစိုက်ခင်းများ ၊ သစ်မာပင်များအတွက် သစ်တော ဦးစီးဌာနသို့ လျော်ကြေး ငွေကျပ် ၊ ၇၃၁၀၁၅၉.၁၆/- နှင့် ကျေးရွာများအတွက် သီးနှံလျော်ကြေးငွေကျပ် ၊ ၂၇၉၀၄၅၀၀/-အား နိုင်ငံတော်ဘတ်ဂျက်မှ ပေးချေခဲ့ပြီး ဖြစ်ကြောင်းလည်းသိရှိခဲ့ရပါတယ်။သပိတ်ကျင်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာပေါင်း(၁၇)ရွာ အပါအဝင် လက်ရှိမီးသုံးသူ (၄၃၀၆)ဦးရှိပြီး မကြာမီ ထပ်မံတိုးတက်လာဖို့ ရှိသေးတယ်လို့ သိရပါတယ်။

စာရေးသူတို့ဟာ မိုင်တိုင်အမှတ်(၇၀)မှာ ရှိတဲ့ ဇရပ်ကွင်းခွဲရုံကနေ မိုင်တိုင်အမှတ်(၁၂၈)မှာ ရှိနေ တဲ့မိုးကုတ်မြို့ကိုသွားရမှာဖြစ်လို့ ခရီးအကွာအဝေးက(၅၈)မိုင်သာရှိပါတယ်။သို့သော်လည်း တောင်တက် ကားလမ်း ဖြစ်တာကြောင့် လမ်းကကျဉ်းသလို အကွေ့အကောက်၊ အဝေ့အဝိုက်၊ အတက် အဆင်းများ လှတာမို့ အချိန်(၂)နာရီခန့် ကြာအောင် ဂရုစိုက်မောင်းနှင်ခဲ့ရပါတယ်။ ကိုမောင်တူးက ကားမောင်း နေတာမို့ စာရေးသူအနေနဲ့ ပတ်ဝန်းကျင်ရှုခင်းတွေကို ငေးကြည့်နိုင်ခွင့် ရခဲ့ပါတယ်။ အနီးအနား တောင်ကုန်းတွေမှာက တောင်ယာတွေခုတ်၊ သစ်ရွက်ခြောက်တွေ မီးပုံရှို့ထားတာမို့ မြေကြီးက အနီရောင်၊ သစ်ရွက်ခြောက်က အဝါရောင်နဲ့ မီးခိုးတန်းဖြူဖြူလေးတွေ ကောင်းကင်ပေါ် ထိုးတက်နေတဲ့ မြင်ကွင်း။  မနီးမဝေး တောင်ကုန်းတွေ ကတော့ စိမ်းစိမ်းစိုစိုသာ။ ထိုထက်ပိုဝေးသော မြင်ကွင်းကား မှိုင်းမှိုင်းညှို့ညှို့ တောင်မြင့်များက အထပ်လိုက်၊ အရစ်လိုက်ဖြစ်နေတာမို့ ကြည်နူးလွမ်းမောဖွယ်ရာပင်။ စာရေးသူ သတိ ထားမိသည်က လက်ယာဘက် မနီးမဝေး တောင်ကုန်းများပေါ်တွင် တွေ့မြင်ရသည့် (၆၆)ကေဗွီဓာတ်အားလိုင်း။နောက်ခံအစိမ်းရောင်ပေါ်တွင် အဖြူရောင် ကွန်ကရစ်ဓာတ်တိုင်များက အထင်းသား ပေါ်လွင်နေတာမို့ လွန်စွာမှ ကြည့်လို့ကောင်းနေပါတယ်။ ဓာတ်အားလိုင်းကို ဂရုတစိုက် ကြည့်နေရင်းက ပျောက်သွားလိုက်၊ ပေါ်လာလိုက်၊ တချို့နေရာများမှာ ကားလမ်းကို ဖြတ်ကျော်လိုက် ဖြစ်နေတာကို တွေ့ရပါတယ်။ ကားလမ်းက ကွေ့ကောက်ပြီး ဓာတ်အားလိုင်းက အဖြောင့်ဆွဲထားတာမို့ ဒီလိုမျိုး ကားလမ်းဖြတ်ကျော်ဖြစ်နေရတာပါ။ဓာတ်အားလိုင်းကို ဖြောင့်အောင်၊ တိုအောင်ဆွဲရတာမို့ တောင်ကုန်း ၊ လျှိုမြောင် ၊ ချိုင့်ဝှမ်း တွေကို မရှောင်ဘဲ ခက်ခက်ခဲခဲကြိုးစား ဆောင်ရွက်ခဲ့ သူတွေကို အသိအမှတ်ပြုမိပါတယ်။ ကားလမ်း အကွာအဝေးက (၅၈)မိုင် ၊ ဓာတ်အားလိုင်း အကွာအဝေးက (၃၁) မိုင်သာရှိတာမို့ နိုင်ငံတော်အတွက် ကုန်ကျစရိတ်မြောက်များစွာ သက်သာခဲ့ရတာကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နိုင်ငံတော်အပေါ်ထားသည့်စေတနာကိုလည်း အထင်းသားတွေ့မြင်ရမှာ ဖြစ်ပါတယ်။

၆၆ ကေဗွီ ဓာတ်အားလိုင်းနဲ့အပြိုင် ငွေရောင်တလက်လက်ထနေတဲ့ ၁၃၂ ကေဗွီ  ဓာတ်အားလိုင်း (Tower)တိုင်များကိုလည်း တွေ့မြင်ခဲ့ရပါသေးတယ်။ဒီတာဝါတိုင်တွေကတော့ ရွှေလီ(၃) ရေအားလျှပ်စစ် တည်ဆောက်ရေး စီမံကိန်းအတွက် တိုင်များပင် ။ စီမံကိန်းပြီးဆုံးပါက နိုင်ငံတော်ဓာတ်အားစနစ်အတွင်းကို ဓာတ်အားပို့လွှတ်ပေးနိုင်မည်ဖြစ်၍လည်း လျှပ်စစ်ကဏ္ဍအတွက် ပိုပြီး အားတက်လာမိပါတယ် ။

စာရေးသူတို့ ကားလေးဟာ လမ်းခရီးတလျှောက် သပိတ်ကျင်းမြို့နယ်ထဲက ကျေးရွာတွေဖြစ်တဲ့ ဖေါ့တောရွာ ၊  ညောင်ပင်သာရွာ ၊ ပိုးဇာနွယ်ရွာ ၊ ကျောက်လှည်းဘီးရွာတွေကို ဖြတ်ပြီး မိုးကုတ်မြို့နယ်  ထဲအဝင် စိန့်ကုန်းရွာ၊ အုန်းတန်းရွာ ၊ စိန့်အင်းရွာ၊ ကင်းရွာ ၊ မလဲပေါက်ရွာ ၊ ရွှေညောင်ပင်ရွာ ၊ ဂပိုင်ရွာ၊ ဂွေးပင်ရွာ၊ အောက်ကျောက်ကြမ်းရွာ၊ အထက်ကျောက်ကြမ်းရွာ ၊ ဂွေးကြီးရွာနဲ့ ကြပ်ပြင်တို့ကို ဖြတ်ကျော်ပြီး မိုးကုတ်မြို့အတွင်း ရောက်ရှိခဲ့ပါတယ် ။

ရေအားလျှပ်စစ်အစ မိုးကုတ်က

မိုးကုတ်မြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၃၈၀၀)အမြင့်မှာ ရှိသော်လည်း ပတ်ဝန်းကျင်ရှိ တောင်ကုန်းများမှာ ပေ(၅၀၀၀)ကျော်မှ ပေ(၇၅၀၀)ကျော်အထိ မြင့်နေတာကြောင့် ဒယ်အိုး  ပုံသဏ္ဍာန်အတွင်း   ကျရောက်လို့နေပါတယ်။  ဧရိယာ   အကျယ်အဝန်းအနေဖြင့်   စတုရန်းမိုင် (၄၅၃ ဒသမ ၆၀)ရှိပြီး လူဦးရေ(၁၇၁,၄၃၄) ဦး ၊ အိမ်ထောင်စု(၃၂၄၁၄)စု ၊ အိမ်ခြေ(၃၀၈၅၀)လုံး ၊ ဓာတ်အားသုံးစွဲသူ(၂၂၈၀၁)ဦး နှင့် ကျေးရွာအုပ်စု(၂၉)စုတွင် ကျေးရွာပေါင်း(၁၃၁)ရွာရှိပါတယ်။ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍(၁၈၈၅)ခုနှစ် အင်္ဂလိပ်အစိုးရလက်ထက်တွင်(Burma Ruby Mine Company) က “အောင်မြေသုခ”ကျောက်တူးဖော်ရေး စခန်းအတွက် ရေအားလျှပ်စစ်ကို(၂၈၀)ကီလိုဝပ် စက်(၃)လုံးနှင့်  စတင်အသုံးပြုခဲ့တာမို့ မိုးကုတ်မြို့ဟာဆိုရင် မြန်မာပြည်မှာ ရေအားလျှပ်စစ်ကို ပထမဦးဆုံး စတင်အသုံးပြုခဲ့တဲ့မြို့လို့ မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။  ၄င်းနောက်(၁၉၆၃)ခုနှစ်မှ(၁၉၈၂)ခုနှစ်အထိ ဒီဇယ် မီးစက်အမျိုးမျိုးဖြင့် ဓာတ်အားပေးခဲ့ပြီး  (၁၉၈၃)ခုနှစ်တွင် မိုးကုတ်ရေအားလျှပ်စစ်စက်ရုံမှ(၂၅၀၀) ကေဗွီအေစက်(၂)လုံးဖြင့်ဓာတ်အားပေးခဲ့ရာ လက်ရှိတွင် စက်(၁)လုံး တည်းသာ အသုံးပြုနိုင်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာ၀န်ယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

၆၆/၃၃ ကေဗွီ ၃၀ အမ်ဗွီအေ မိုးကုတ်ဓာတ်အားခွဲရုံ

            မိုးကုတ််မြို့ခွဲရုံကို ယခင်က လက်ပံလှဓာတ်အားခွဲရုံမှတဆင့် ၃၃ ကေဗွီဓာတ်အားလိုင်းဖြင့် ပေးပို့ခဲ့ရာ လိုင်းမိုင်ရှည်လျားခြင်းကြောင့် ဗို့အားလွန်စွာ ကျဆင်းပြီး အချို့နေရာများ၌ (၄၀)ဗို့ ထိအောင်ပင် ရောက်ရှိနေကြောင်း   သိရှိရပါတယ်။  (၂၁.၃.၂၀၁၈)ရက်နေ့တွင်    ဇရပ်ကွင်းခွဲရုံမှတဆင့်  ၆၆   ကေဗွီ ဓာတ်အားလိုင်းဖြင့် ပို့လွှတ်ပေးနိုင်ခဲ့သောကြောင့် ဗို့အားမြင့်တက်လာပြီး အနိမ့်ဆုံးနေရာများ၌ပင် (၁၉၀)ဗို့ထိ ရှိလာခဲ့ပါတယ်။ဒါ့ကြောင့်လည်း မိုးကုတ်မြို့တည် နှစ်(၈၀၀)ပြည့်ပွဲတော်ကြီးကို လျှပ်စစ် မီးရောင်စုံများဖြင့် ခမ်းခမ်းနားနားကျင်းပနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ မိုးကုတ်ခွဲရုံကို (၁၈.၁၀.၂၀၁၄) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး (၂၁.၆.၂၀၁၅)ရက်နေ့တွင် ပြီးစီးခဲ့၍ ကုန်ကျစရိတ်အနေဖြင့် ပစ္စည်းတန်ဘိုး ငွေကျပ်၊ ၁,၄၁၇ ဒသမ ၄၈၅သန်း နှင့် တည်ဆောက်စရိတ်ငွေကျပ်၊ ၇၇ ဒသမ ၁၉၁ သန်း ရှိကြောင်းသိရှိရပါတယ်။

            မိုးကုတ်မြို့ဟုအမည်တွင်ရခြင်းနှင့်ပတ်သက်၍ အယူအဆအမျိုးမျိုးရှိရာ ရှမ်းဘာသာစကားဖြင့် မိန်းကွတ်(ကွေ့ကောက်နေသောမြို့)၊ မိန်းကတ်(အလွန်ချမ်းအေးသောမြို့)၊ မိန်းကု(ပ်) (ခ‌​​မောက်မြို့၊ ခမောက်ကိုလှန်ထားသောမြို့)ဟူ၍ ဖြစ်ပါတယ်။အခြားအယူအဆတစ်ခုမှာ ပတ္တမြားမြေကို စောင့်ရှောက်ရန် တာဝန်ယူရသော သဖန်းပင်ရွာနေ ရှမ်းလူမျိုးများသည် မိုးကုတ်ချိုင့်ဝှမ်းနေရာတွင် လယ်များသွား စိုက်ပျိုးကြရာ အခြားနေရာထက် မှောင်လွယ်၍ စောစောပြန်ရသောကြောင့် မိုးချုပ်သောမြို့(မိုးချုပ်မြို့) ဟုခေါ်ရာမှ မိုးကုတ်ဟူ၍ ဖြစ်လာကြောင်း သိရှိရပါတယ်။ယခုသော်ကား အလွန်ချမ်းအေးလျှင်လည်း လျှပ်စစ်ကို လိုရာသုံး၍ အနွေးဓာတ်ရရှိနိုင်ခဲ့ပြီ။ မိုးစောစောချုပ်ပြန်လျှင်လည်း စိုးရိမ်ကြောင့်ကြဖြစ်ရန်မလို၊ မိုးကုတ်မြို့ကြီး တစ်ခုလုံး မီးရောင်စုံများဖြင့် လင်းထိန်လျှက် ရှိနေလေပြီ မဟုတ်ပါလား။

                                                                                                                                                                  (ဆက်ရန်…….)

ဆောင်းပါးရှင် - မြင့်လွင်ပါကြီး

   ဦးမြင့်လွင်

   ဒုတိယအထွေထွေမန်နေဂျာ

   မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

   Ph.no - 09-5120342 ,

   E-mail - [email protected]