“ဇရပ်ကွင်း - မိုးကုတ် မှသည် မိုးမိတ် ဆီသို့”

“ဇရပ်ကွင်း - မိုးကုတ် မှသည် မိုးမိတ် ဆီသို့” (ဆောင်းပါးမှအဆက်….)

ဇရပ်ကွင်း၊  ဇူလိုင်  ၂

မိုးမိတ်ခွဲရုံသို့

            စာရေးသူတို့ဟာ(၂၈)မိုင်ကွာဝေးသည့် မိုးမိတ်မြို့၏ မြောက်ဘက် (၂) မိုင်ခန့် အကွာ  မိုးမိတ် - မဘိမ်း  ကားလမ်းဘေးရှိ  မိုးမိတ်ဓာတ်အားခွဲရုံဆီ ရောက်ခဲ့ကြပါတယ်။ဒီခွဲရုံ  ကတော့ ၆၆/၃၃ ကေဗွီ ၂၀ အမ်ဗွီအေနှင့် ၆၆/၃၃/၁၁ကေဗွီ ၅အမ်ဗွီအေ ခွဲရုံပဲ ဖြစ်ပါတယ်။ ၆၆ကေဗွီ မိုးကုတ်-မိုးမိတ် ဓာတ်အားလိုင်းကတော့(၂၄.၆၅)မိုင် ရှည်လျားပါတယ်။ ဒီခွဲရုံနဲ့လိုင်းတွေကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း   အပြီးတည်ဆောက်ခဲ့ပြီး    ကုန်ကျစရိတ်ငွေကျပ်၊ ၃၉၉၆ ဒသမ ၃၆၀သန်း ရှိပါတယ်။  မြို့ပေါ်  ရပ်ကွက်(၄)ခုနဲ့ ကျေးရွာပေါင်း(၁၄)ရွာ ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီဓာတ်အားလိုင်းများ၊ ၁၁/ ၀.၄ ကေဗွီ ဓာတ်အားလိုင်းများနှင့် ဓာတ်အား ခွဲရုံများ တည်ဆောက်ခြင်းအတွက် ငွေကျပ်၊ ၂၃၅၇ ဒသမ ၈၀၆ သန်းကိုလည်း တိုင်းဒေသကြီးဘတ်ဂျက်မှ ကျခံဆောင်ရွက်ပေးခဲ့ပြီးကြောင်း သိရပါတယ်။

            မိုးမိတ်မြို့ဟာဆိုရင် ပင်လယ်ရေမျက်နှာပြင် အထက်ပေ(၆၀၀)အမြင့်တွင်တည်ရှိပြီး ခရစ်သက္ကရာဇ် (၁၂၃၈) ခုနှစ် ၊ မြန်မာသက္ကရာဇ်(၆၀၀)ခုနှစ်တွင် မြို့တည်ခဲ့ကြောင်း သိရှိရပါတယ်။ ရှမ်းဘာသာဖြင့် “မိန်းမိတ်”ဟုခေါ်ပြီး မြန်မာဘာသာဖြင့်(သံလျှက်မြို့/ဓားမြှောင်မြို့)ဟု အဓိပ္ပါယ်ရရှိပါတယ်။ မိုးမိတ်မြို့ပေါ် ရပ်ကွက်(၄)ခုတွင်အိမ်ထောင်စု(၂၁၅၇)စုနှင့်အနီးပတ်ဝန်းကျင်ကျေးရွာ(၁၄)ရွာတွင် အိမ်ထောင်စုပေါင်း (၂၆၀၉)စု ရှိပါတယ်။ယခင်က မြို့ပေါ်ရပ်ကွက်ရှိ အိမ်ထောင်စု(၆၀၈)ဦးကို မီးစက်ဖြင့် တစ်ရက် လျှင်(၃)နာရီနှုန်း အလှည့်ကျ (တစ်ရက်ခြား) မီးပေးခဲ့ရကြောင်းနှင့် ယခုအခါ နိုင်ငံတော်ဓာတ်အားစနစ် ရောက်ရှိလာပြီဖြစ်၍ (၂၄)နာရီ အမြဲတမ်း ရရှိနေပြီ ဖြစ်ကြောင်းလည်းသိရှိရပါတယ်။

ပြည်သူတွေက ဒီလိုပြောနေကြပြီ

          စာရေးသူတို့ဟာ မိုးကုတ် - မိုးမိတ် ၆၆ ကေဗွီ ဓာတ်အားလိုင်းနှင့်ခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးပေး နိုင်သည့်အတွက် ပြည်သူတို့၏ အသံများကိုကြားသိနိုင်ရန် တွေ့ဆုံမေးမြန်းခဲ့ပါသေးတယ်။

ဦးအောင်ထွန်း ၊ကျေးရွာမီးလင်းရေးကော်မတီဝင်၊ လိပ်ကျကျေးရွာ၊ သပိတ်ကျင်းမြို့နယ်။    ကျွန်တော့်ရွာကို ယခင်က လက်ပံလှ ၃၃ ကေဗွီလိုင်းက ဓာတ်အားပေးတယ်လေ၊ဗို့အားအများဆုံး(၁၃၀)လောက်ပဲရှိတယ်။ လူအများသုံးတဲ့အချိန်ဆိုရင် ရေလုံးဝတင်လို့မရဘူး။ ည(၁၀)နာရီကျော်ကနေ မနက်(၃)နာရီအတွင်းပဲ တင်လို့ရတယ်။ထမင်းချက်ချိန်ဆိုရင်လည်း ကျက်ဖို့တော်တော်ကြာအောင် စောင့်ရတယ်၊ (၁၀၀၀)ကျပ်တန် မီးကွေးတွေဆိုရင်လည်း (၂)ရက် (၃) ရက်ပဲ အထွန်းခံတယ် ။ မဲသွားတာဘဲ။ အခုကျတော့ ဇရပ်ကွင်း ခွဲရုံကနေ မီးရတာမို့ မီးအားတွေကောင်းလာပြီး အချိန်မရွေးရေတင်နိုင်တယ်၊ ထမင်းလည်း စောင့်ပြီး မချက်ရတော့ အတော့်ကို အဆင်ပြေလာပါတယ်။ လျှပ်စစ်ကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

ဦးမောင်ထွန်း ၊ကွင်းသုံးဆယ်ရွာ၊ သပိတ်ကျင်းမြို့နယ်။           အရင်ကမီးအားက(၉၀-၁၂၀)ဗို့အားလောက်ပဲ ရှိတယ်၊ မီးအားမြှင့်စက်သုံးရတယ်၊ ထမင်းချက်ဖို့ကို မီးအားမမှန်တော့ မချက်ရဲဘူး၊ စောင့်ကြည့်ရတာ အချိန်ကြာလို့ ထင်းမီးသွေးနဲ့ပဲချက်တယ်၊ အခုဆိုရင် မီးအားကောင်းလာလို့ ထမင်းချက်စရာ ထင်းခုတ်ဖို့ မလိုတော့ဘူးလေ။သဘာ၀ပတ်ဝန်းကျင် မပျက်စီးတော့ဘူးပေါ့၊ အချိန်ကုန်လည်း သက်သာတယ်၊အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

ဒေါ်အေးအေးခိုင်၊ ယမင်းဧည်‌့ရိပ်မွန်ပိုင်ရှင်၊ မိုးကုတ်မြို့။                   မိုးကုတ်မြို့က အမြဲတန်းအေးနေတာလေ၊ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ အဲယားကွန်းမလိုဘူး၊ ဒါပေမယ့်ရေချိုးခန်းမှာတော့  ရေပူရေနွေးနဲ့

ချိုးရမှ ဧည့်သည်တွေက စိတ်ကျေနပ်တယ်။ အရင်ကတော့ မီးအားမနိုင်လို့ ရေကပူလိုက်၊ အေးလိုက်ဖြစ် တတ်တယ်။ မီးစက်မောင်းတော့ ဆီဖိုးကုန်ရတယ်။အခုလို မီးအားတွေပြည့်သွားတော့ ရေပူ၊ ရေနွေးတွေနဲ့ အမြဲတမ်းချိုးနိုင်လို့ဧည့်သည်အတွက် အဆင်လည်းပြေတယ်။ကျမအတွက်လည်း ဆီဖိုးမကုန်လို့ စိတ်ကျေနပ်မိတယ်။ လျှပ်စစ်က လူတွေအားလုံးကို တကယ့်ကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

ဒေါ်မိုးမိုးအေး၊ သဇင်စတိုးဆိုင်ပိုင်ရှင်၊ တောင်ပိုင်းရပ်ကွက်၊ မိုးမိတ်မြို့။               ယခင်ကမီးစက်နဲ့ပေးလို့ တစ်ရက်ခြား(၃)နာရီသာ မီးရတယ်။ ထမင်းဟင်းချက်မရဘူး။ TV လည်းကြည့်မရဘူး။ ခု(၂၄)နာရီ မီးရပြီ   

လို့တော့သိရတယ်။ ဒါပေမယ့် မသုံးရဲသေးဘူး။ လျှပ်စစ်ရုံးက လော်စပီကာနဲ့ လိုက်အော်ပြောထားတယ်လေ။ မီးအားတွေ မြင့်လာမှာြဖစ်လို့ မိမိအိမ်ကဝါယာကြိုးတွေ ပေါက်ပြဲနေမှု ရှိ/မရှိ စစ်ဆေးဘို့၊ ပေါက်ပြဲ နေရင် မကိုင်တွယ်ဘို့၊ ကြိုးဟောင်းတွေလဲလှယ်ပြီးမှ သုံးသင့်တယ်လို့ သတိပေးထားလို့ပါ။ နောက်ပြီး ကျမလည်း မအားသေးလို့၊ မလုပ်နိုင်သေးလို့ပါ။ လျှပ်စစ်ကို အရမ်းကျေးဇူးတင်ပါတယ်ရှင်။

ဦးအောင်ကြည်၊ ဘိုးဘိုးကြီးစားသောက်ဆိုင်၊ မိုးမိတ်မြို့။          အရင်ကမီးအားမကောင်းတော့ မီးစက် မောင်းရတာ တစ်ရက်ကိုအနည်းဆုံး ဆီတစ်ဂါလံကုန်တော့ (၄၀၀၀)ကျပ်လောက် အပိုကုန်ရတာပေါ့။ မိုးမိတ်က မိုးကုတ်လိုမဟုတ်ဘူး၊ ပူတယ်လေ။ အဲယားကွန်းလည်း မသုံးနိုင်ဘူး။ အခုတော့ ဗို့အားက(၂၀၀) ကျော်မှာပဲ ရှိနေတယ်။ ကျွန်တော့အိမ်က ဝါယာကြိုးတွေကလွန်ခဲ့တဲ့(၂၅)နှစ်လောက်ကကြိုးတွေ၊ ပြန်လဲရအုံးမယ်။ လျှပ်စစ်ဌာနကပြောတယ်လေ၊ လျှပ်စစ်ဓာတ်အားကို လုံခြုံစိတ်ချစွာနဲ့ အန္တရာယ်ကင်းစွာ သုံးနိုင်ဖို့တဲ့ ၊ လူတိုင်း လည်းပျော်နေကြတယ်။ မီတာတွေလျှောက်ကြ၊ လိုင်းကြိုးတွေဆွဲကြနဲ့ အုန်းအုန်းထနေတော့တာပဲ ၊ လျှပ်စစ်ပစ္စည်းတွေလည်း ကုမ္မဏီတစ်ခုက ကားနဲ့လှည့်ပြီး ရောင်းနေတာတွေ့ရတယ်။ လျှပ်စစ်ဓာတ်အား အမြဲရလာပြီဆိုတော့ အိမ်တွင်းမှုလုပ်ငန်းလေးတွေ လုပ်နိုင်လာတော့မယ် ။ စောင့်နေရတာ ကြာပြီဗျာ။လျှပ်စစ်ကို ကျေးဇူးတင်ပါတယ်။

အပြန်ခရီးက ပိုသာယာ

            စာရေးသူတို့ဟာ မိုးကုတ်မြို့မှာ တစ်ညတာအိပ်စက်ခဲ့ပြီး၊ နောက်နေ့မနက်မှာတော့ လာရာ မန်းကို မြန်းခဲ့ကြပါတယ်။ တောတောင်သဘာဝရှုခင်းတွေက ပိုပြီးလှပလာသလို ပြည်သူများ၏ ဝမ်းမြောက် ပျော်ရွှင်စရာစကားသံများကလည်း နှလုံးပီတိဂွမ်းဆီထိပမာ ကြည်နူးခံစားရပါတယ်။ နှုတ်မှလည်း မိုးကုတ် နှစ်(၈၀၀)ပြည့်ပွဲတော်ဖွင့်ပွဲတွင် မြန်မာပြည်သိန်းတန်သီဆိုခဲ့သည့် “အပြုံးနဲ့ကြိုနေ ပတ္တမြားမြေ” သီချင်း လေးကို သီဆိုလျှက် ………..

            “ရှမ်းပြည်မြောက်ပိုင်း ကုန်းမြင့်အနောက်ဌာနီ

            မိုးကုတ်မြို့လေး အေးချမ်းလှပေသည်

            လျှပ်စစ်စွမ်းအား အကျိုးထူးလှပေသည် “ဟု ဖြည့်စွက်ရင်းဖြင့် ………….

 

 

ဆောင်းပါးရှင် - မြင့်လွင်ပါကြီး

   ဦးမြင့်လွင်

   ဒုတိယအထွေထွေမန်နေဂျာ

   မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

   Ph.no - 09-5120342 ,

   E-mail - [email protected]