မြင်းခြံခရိုင်အတွင်းရှိ ဓာတ်အားသုံးစွဲသူ ပြည်သူများသို့ အသိပေးပန်ကြားချက်

၂၀၁၉ ခုနှစ် ၊ ဇူလိုင်လ (၁)ရက်နေ့မှစ၍ လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်ကောက်ခံရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ နိုင်ငံပိုင် သတင်းစာများ နှင့် သတင်းဌာနများတွင် ပြည်သူသို့ ကြေငြာခဲ့ပြီးဖြစ်ပါသည်။ ဇွန်လအကုန်အထိ သုံးစွဲသော ဓာတ်အားခများကို ယခင်နှုန်းထားဟောင်းများဖြင့် တွက်ချက်ကောက်ခံပြီး ၎င်းနောက်ပိုင်း ဇူလိုင်လအတွက် သုံးစွဲမှုမှစ၍ ပြင်ဆင် ထားသော နှုန်းထားဖြင့် တွက်ချက် တောင်းခံသွားမည်ဖြစ်ရာ ထိုသို့ တွက်ချက်တောင်းခံရာတွင် မှန်ကန်မှုရှိစေရေး ၊ ဓာတ်အားသုံးစွဲသူ ပြည်သူများ၏ နေအိမ်တွင် တပ်ဆင်ထားသော မီတာအားလုံးကို မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)မှ ကြီးကြပ်ပြီး ခရိုင်လျှပ်စစ်မန်နေဂျာရုံး နှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများမှ ဝန်ထမ်းများသည် လစဉ် မီတာဖတ်ရက်ဖြစ်သော (လဆန်း ၁ ရက် မှ ၅ ရက်)အတွင်း ကိုယ်တိုင်လာရောက် ဖတ်ရှုစစ်ဆေးသွားမည် ဖြစ်ပါသည်။
(၁.၇.၂၀၁၉) မှ (၅.၇.၂၀၁၉) ရက်အတွင်း လာရောက် ဖတ်ရှုစစ်ဆေးသော မီတာများ၏ မီတာပြဂဏန်းများကို ဓာတ်အားသုံးစွဲသူ များကိုယ်တိုင် ဝန်ထမ်းများ နှင့် မျက်မြင်ဖတ်ရှု မှတ်တမ်းတင်၍ မှန်ကန်ကြောင်း လက်မှတ်ရေးထိုး ပေးစေလိုပါသည်။
အကြောင်းအမျိုးမျိုးကြောင့် ဓာတ်တိုင်ပေါ်တွင် မီတာတပ်ဆင်ပြီး (HHU) မီတာဖတ်သည့် ကိရိယာဖြင့် ဖတ်ရှု၍ ကွန်ပျူတာ စနစ်ဖြင့် ဆောင်ရွက်နေသော မီတာများ၏ (၁.၇.၂၀၁၉) မှ (၅.၇.၂၀၁၉) ရက်အတွင်း ဖတ်ရှုချက်များကို ဓာတ်အားသုံးစွဲသူများ သိရှိနိုင်ရန် မီတာဖတ်ပြီး နောက်တစ်နေ့တွင် မီတာဖတ်သည့် နယ်မြေရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ပေးပို့ အပ်နှံထားပါမည်။
မီတာဖတ်စာရေးများကို တာ၀န်ပေးအပ်ထားသော်လည်း အကြောင်းကြောင်းကြောင့် လာရောက်ဖတ်ရှုခြင်း မပြုပါက သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများသို့ အကြောင်းကြားပေးစေလိုပါသည်။
သို့ဖြစ်ပါ၍ ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့် (၁.၇.၂၀၁၉) မှ (၅.၇.၂၀၁၉) ရက်အတွင်း လျှပ်စစ်ဌာနမှ မီတာလာရောက် ဖတ်ရှုခြင်း ၊ မီတာဖတ်ချက်အတည်ပြု မှတ်တမ်းတင်ခြင်းကို ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် နှင့် အခက်အခဲများရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံပါသည်။
( မြင်းခြံခရိုင် ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း )