ဝန်ဆောင်မှုကောင်းသည့် - MESC

 

ဝန်ဆောင်မှုကောင်းသည့် - MESC

ပါကြီး။                ဗျို့ MESC ကြီး၊ လာပါဗျာ မျှော်နေတာနဲ့အတော်ပဲ။

MESC။     လုပ်ပြီခင်ဗျားကတော့၊ တွေ့တာနဲ့လွမ်းအောင်ပြောတော့မယ်၊ ကဲဆိုပါဦး မျှော်နေတဲ့ကိစ္စ။

ပါကြီး။    ဒီလိုဗျာအခုတလောကြားနေရတာ၊ ခင်ဗျားတို့ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှာ ၊ လက်ကိုင်ဖုန်းကနေ မီတာခ ဘယ်လောက်ကျတယ်ဆိုတာကို၊ ကြည့်လို့ရတယ်လို့ပြောနေသံကြားတယ်၊ အဲ့ဒါ ဟုတ်လားဗျာ။

MESC။    သိပ်ဟုတ်တာပေါ့ဗျာ၊ ခင်ဗျားက အခုမှသိသလား၊ ခင်ဗျားမိတ်ဆွေကြီး၊ ကိုပါလေးကသိနေတာ၊ ခြောက်လလောက်တောင် ရှိပြီ၊ လက်ဖက်ရည်ဆိုင်ဆိုရင်တော့ ရှေ့ဆုံးက၊ ကျန်တာတော့ အမြဲနောက်ကျ နေတုန်းပဲလား မိတ်ဆွေကြီး။

ပါကြီး။    ဟာဒီလိုဆို အတော်ပဲ၊ ကျွန်တော့်ကိုလည်း ကြည့်ရအောင်လုပ်ပေးဦးဗျာ၊ ရော့ဒီမှာ ကျွန်တော့ဖုန်း၊ ရရင်တော့ ခင်ဗျားကို လဖက်ရည်အပြင် မုန့်ပါ ဒကာခံလိုက်ဦးမယ်ဗျာ။

MESC။   ဟား- မိတ်ဆွေကြီးက အသိသာနောက်ကျတာ ဖုန်းကတော့ အပျံစားပါလားဗျ၊ အင်း… ခင်ဗျား ဖုန်းက Android အမျိုးအစားဆိုတော့ ကဲ- ဒီမှာကြည့်ထား ကျွန်တော်လုပ်ပြမယ်၊ မှတ်မိအောင်တော့ ကြည့်ထားဗျာ၊ မမှတ်မိရင်လဲ စာရွက်နဲ့သာရေးထား ၊ ကျန်တဲ့မိတ်ဆွေတွေကိုလဲ ပြောပြလို့ရတာပေါ့။

ပါကြီး။     ဟုတ်ပါပြီဆရာရေ တပည့်သေချာမှတ်ပါ့မယ်။

MESC။  ကဲ ပထမဦးဆုံးလုပ်ရမှာက အင်တာနက်ဖွင့်မယ် ပြီးရင် Play Store ကနေ MESC Application ကို Download ယူမယ်၊ တွေ့လားဒီမှာပေါ်လာပြီ ဒီပုံလေ၊ အဲ့ဒီပုံလေးကို ဆက်ပြီးနှိပ်ဖွင့် လိုက်၊ ဖွင့်လိုက်ရင် မြန်မာစာလုံး (Font) ရွေးခိုင်းလိမ့်မယ် ၊ ဇော်ဂျီစာလုံးလား၊ ယူနီကုတ်စာလုံးလား၊ ခင်ဗျားဖုန်းမှာသုံးတဲ့စာလုံးကို ရွေးလိုက်ပေါ့။

ပါကြီး။    ဆရာရဲ့ဖြေးဖြေးပြပါဗျာ၊ အသက်ကမငယ်တော့ဘူး၊ ဒီအထိမှတ်ရတာတောင် ခေါင်းကမူးချင်နေပြီ။

MESC။   ကဲကဲ-ခင်ဗျားသိချင်ရင်တော့ နဲနဲလောက်စိတ်ရှည်ပါဦးဗျာ အဓိက ခင်ဗျားသိချင်နေတဲ့ မီတာစစ် ရန်ဆိုတဲ့ စာသားလေး တွေ့တယ်မဟုတ်လား၊ အဲ့ဒီမှာ မီတာအမှတ်ဆိုတဲ့နေရာလေးမှာ ခင်ဗျားအိမ်ရဲ့ မီတာ အမှတ်ကို ရိုက်ထည့်ရမယ်၊ ပြီးရင် ကွန်ပြူတာကုဒ်ကိုလည်း ရိုက်ထည့်ရမယ်။

ပါကြီး။     အဲ့ဒီမီတာအမှတ်နဲ့ ကွန်ပြူတာကုဒ်တွေက ဘယ်လိုသိနိုင်လည်းဗျ။

MESC။    အော်… ခင်ဗျားဒီအသက်ဒီအရွယ်အထိ မီတာခတောင်းခံလွှာ(မီတာဘီလ်) သေချာမကြည့်ဘူး ဆိုတာ သိလိုက်ပြီ၊ အဲ့ဒီမီတာစာရွက်မှာပါတယ်လေဗျာ၊ ကြည့်ပြီးရိုက်လိုက်ရုံပဲ၊ ကဲဒီမှာကြည့် ရိုက်ပြလိုက်ပြီ၊ တွေ့လား… မီတာခတောင်းခံလွှာစာရွက်(မီတာဘီလ်)လေးပေါ်လာပြီ၊ အဲ့ဒီစာရွက်က ခင်ဗျားအိမ်ကိုပေးမဲ့ စာရွက်ပဲလေ။

ပါကြီး။     ဟ-တယ်ဟုတ်ပါလားဗျ၊ ၀မ်းသာတယ်ဗျာ..။

MESC။    ၀မ်းသာရမှာပေါ့ဗျာ၊ ဒီလိုသိရတော့ ခင်ဗျားအတွက် အကျိုးကျေးဇူးတွေ အများကြီးရတာပေါ့။

ပါကြီး။     ဘယ်လို- လင်းစမ်းပါဦး ဆရာရေ၊ MESC နဲ့တွေ့မှပဲ ပညာစုံရတော့တယ်။

MESC။   အကျိုးကျေးဇူးတွေက ဒီလိုဗျ.. ဒီလို၊ တစ်-အချက်က၊ ခင်ဗျားမီတာစာရွက်ကို ဖုန်းကနေကြည့် လို့ရတော့ ခင်ဗျားဘယ်နားရောက်ရောက် သိနိုင်တယ်လေဗျာ၊ ဆိုပါတော့ဗျာ ကျိုက်ထီးရိုးဘုရားသွားဖူး နေရင်လဲ ဖွင့်ကြည့်လို့ရတာပေါ့၊ မီတာခ ဘယ်လောက်ကျတယ်၊ နောက်ဆုံးငွေ ပေးသွင်းရမဲ့ရက်က ဘယ်ရက် ဆိုတာကို ခင်ဗျားသိပြီ ကဲဒါဆိုရင်၊ နှစ်-အချက်က ခင်ဗျားခရီးလွန်နေလို့ မီတာခပေးသွင်းရမဲ့ရက်ထက် ကျော်မယ်ဆိုရင် အသိမိတ်ဆွေတစ်ယောက်ကို လှမ်းပြောပြီး ငွေသွင်းခိုင်းထားလို့ရတာပေါ့။ သတ်မှတ်ရက် ထက်ကျော်သွားလို့ ထပ်ပြီးပေးဆောင်ရမဲ့ မီးဆက်ခဆိုတဲ့ ငွေကျပ်၊ ၂၀၀၀/ကို ခင်ဗျား.. မပေးရတော့ဘူးလေ။

ပါကြီး။   နိပ်သဗျာ မဟုတ်ရင် မီတာဆောင်ရမဲ့ရက်ကို မမေ့အောင်ကြည့်နေရတာ အမောပဲဗျို့၊ မေ့သွားလို့ ကတော့ ငွေကျပ် ၂၀၀၀ ပေးရမှာမို့ လဖက်ရည်ဆိုင်မထိုင်နိုင်ပဲ ဖြစ်သွားဦးမယ်ဗျာ။

MESC။   ဒီထက်ကောင်းတာ ရှိသေးတယ်ဗျ၊ ခင်ဗျားမှာ ငွေစုဘဏ်အကောင့်(Account) ရှိတယ်မဟုတ် လား၊ Bank တွေကနေပေးချေရင်လည်း ရတယ်လေ၊ လူကိုယ်တိုင်မသွားရတော့၊ အချိန်ကုန်လည်းသက်သာ ဆိုင်ကယ်ဆီဖိုးလည်းသက်သာတယ်လေ၊ ဟဲဟဲ- ခင်ဗျား လက်ဖက်ရည်ဆိုင် ပိုထိုင်နိုင်တာပေါ့ဗျာ။

ပါကြီး။     ဟုတ်ပါ့ဗျာ ဟုတ်ပါ့ ကဲစားလိုက်ပါဦးမုန့်လေး။

MESC။     ကြိုက်ပြီဗျို့၊ ငွေရှင်းဖို့သာပြင်ထားတော့၊ ပိုက်ဆံကောပါရဲ့လားဗျ။

ပါကြီး။     ခင်ဗျားပြောတဲ့ အင်တာနက်ဖွင့်တာတို့ Play Store တို့မသိတဲ့လူဆိုရင် ဘယ်လိုလုပ်ရမလဲဗျာ။

MESC။  ခင်ဗျားကလဲလေ ဖုန်းကိုင်မှတော့ အင်တာနက်ဖွင့်တတ်တဲ့လူချည်းပဲ၊ ကျုပ်တို့တိုင်းပြည်က ပြည်သူလူထုကို အထင်မသေးပါနဲ့ဗျာ၊ ကဲ- ဒီလိုလုပ်ရမယ်၊ ကိုယ့်ဖုန်းအမျိုးအစားအလိုက် Browser Application ဆိုတာရှိတယ်ဗျ (Chrome, Safari, Mozilla Firefox) စသည်ဖြင့်ပေါ့လေ အဲ့ဒီကနေ အင်တာနက် website ကိုဖွင့်မယ်ဗျာ၊ ပြီးရင် www.mescmm.com ကိုရိုက်ထည့်လိုက်ရင် MESC ရဲ့ စာမျက်နှာကျလာပြီး အဲ့ဒီမှာ ခင်ဗျားသိချင်တဲ့ မီတာစစ်ရန်ဆိုတဲ့ စာသားပေါ်လာလိမ့်မယ်၊ ဒါဆို ခင်ဗျား လုပ်တတ်ပြီပေါ့။

https://play.google.com/store/apps/details?id=com.mescapp

ပါကြီး။     ဟ-ကိုယ့်ဆရာပြောတော့လည်း လွယ်သားဗျ။

MESC။    တစ်လတစ်ခါ ဒုက္ခခံပြီးမကြည့်ချင်ရင် MESC Website မှာပဲဖြစ်ဖြစ်၊ MESC Application မှာဖြစ်ဖြစ် Register(မှတ်ပုံတင်)ထားလိုက်ရင် လစဉ်လတိုင်း ခင်ဗျားပေးဆောင်ခဲ့တဲ့ မီတာဘီလ်တွေကို အားလုံးပြန်ကြည့်လို့ရတယ်၊ ဒါဆိုရင် မီတာခကိုနှိုင်းယှဉ်ကြည့်ပြီး ကိုယ့်ဝင်ငွေနဲ့ထွက်ငွေကို မျှအောင်စီစဉ် လို့ရတာပေါ့ဗျာ။

ပါကြီး။    ဖုန်းကနေမီတာဘီလ်ကို လစဉ်ဘယ်ရက်တွေမှာစကြည့်လို့ရလဲဗျ။

MESC။    လစဉ်လဆန်း(၁၁)ရက် နောက်ပိုင်းဆိုရင် ခင်ဗျားကြည့်လို့ရပြီ၊ Web Portal မှာ အမြဲတင်ထား တာမို့ ကျန်တဲ့အချိန်တွေမှာလဲ ကြည့်လို့ရပါတယ်။     

ပါကြီး။    MESC Webprotal မှာနောက်ထပ်ဘာတွေ ကြည့်လို့ရသေးလဲဗျ။

MESC။   သတင်း၊ သတင်းအချက်အလက်၊ ၀န်ဆောင်မှု၊ မီတာစစ်ရန်၊ ဆက်သွယ်ရန်ဆိုတဲ့ ခေါင်းစဉ်တွေ ပါသေးတယ်၊ အတိုချုပ်ပြောရရင်ဗျာ သတင်းခေါင်းစဉ်အောက်မှာ MESC ရဲ့ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၊ ခရိုင်လျှပ်စစ်မန်နေဂျာရုံးတွေရဲ့ လှုပ်ရှားမှုသတင်းတွေ၊ တင်ဒါခေါ်ယူခြင်းတွေ ဖတ်နိုင်တယ်ဗျာ၊ သတင်း အချက်အလက်ခေါင်းစဉ်ရဲ့အောက်မှာ ကျေးရွာမီးလင်းရေးကိစ္စရပ်တွေ၊ ဆက်သွယ်ရမဲ့ တယ်လီဖုန်းနံပါတ် တွေ ထရန်စဖော်မာကိစ္စတွေ၊ မီတာကိစ္စတွေ၊ ဓါတ်အားဖြန့်ဖြူးရေးနဲ့ဆိုင်တဲ့ကိစ္စတွေ ပါတယ်လေဗျာ၊ ကိုယ်စိတ်ဝင်စားတဲ့ ကဏ္ဍကိုဖွင့်ပြီး ကြည့်ရုံပါပဲ။

ပါကြီး။     ကောင်းလိုက်တာဗျာ ဒါနဲ့ မန္တလေးတိုင်းဒေသကြီး တစ်ခုလုံး ကြည့်လို့ရတာလားဗျ။

MESC။  အဲ့-မဟုတ်သေးဘူးဗျ၊ မန္တလေးခရိုင်အတွင်းမှာရှိတဲ့ အောင်မြေသာဇံမြို့နယ်၊ ချမ်းအေးသာဇံ မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်နဲ့ ချမ်းမြ သာစည်မြို့နယ်တွေမှာပဲ ရသေးတယ်ဗျ၊ ကျန်တဲ့မြို့နယ်၊ ခရိုင်တွေကိုတော့ ငွေကြေးအခြေအနေရ ဆက်ပြီး တိုးချဲ့သွားမှာပေါ့ဗျာ၊

ပါကြီး။     ကျေးဇူးအထူးတင်တယ်ဗျို့၊ ဒီနေ့ကတော့ လဖက်ရည်နဲ့ မုန့်ကျွေးရတာ တန်ပါတယ်ဗျာ။

MESC။  သာဓုပါဗျာ သာဓု၊ ခင်ဗျားကျွေးတာ တန်တယ်ဆိုရင်လည်း ကျွေးတဲ့သူကုသိုလ်ရအောင်လို့ အားမနာတမ်း ဝါးပြီဗျို့၊ ကဲစကားကောင်းနေလိုက်တာ အချိန်တောင် (၁၀)နာရီထိုးတော့မယ်၊ နောက် တစ်ခါဆုံရင်တော့ AMI မီတာစနစ်အကြောင်း လေးပြောကြတာပေါ့ဗျာ၊  သွားပြီဗျို့…။

ဆောင်းပါရှင် - မြင့်လွင်ပါကြီး

အမည် - ဦးမြင့်လွင်

ရာထူး - ဒုတိယအထွေထွေမန်နေဂျာ(စီမံခန့်ခွဲရေး)

ဌာန    - မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

ဖုန်းနံပါတ် - ၀၉၅၁၂၀၃၄၂

E-mail - [email protected]