လျှပ်စစ်ဓာတ်အားခ နှုန်းထား ရှင်းလင်းချက်

၁.၄.၂၀၁၄ ရက်နေ့မှ စတင်စည်းကြပ်ကောက်ခံမည့် လျှပ်စစ်ဓာတ်အားခနှုန်းထား ရှင်းလင်းချက်


၁။  အိမ်သုံးနှုန်းထားများ

- ၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၃၅ ကျပ်
- ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၄၀ ကျပ်
- ၂၀၁ ယူနစ်နှင့် အထက်  ၅၀ ကျပ်

 

     (က) အထွေထွေအိမ်သုံး၊ အိမ်သုံးပါဝါ

          (၁) တစ်နေရာတည်းတွင် အိမ်သုံးမီတာတစ်လုံးထက် ပိုမိုရှိနေလျှင် အိမ်သုံးမီတာအားလုံး၏ ကျသင့်ယူနစ်များကို ပေါင်းပြီးအလွှာခံစားခွင့်တွက်ချက်ရန်။

          (၂) အိမ်သုံးမီတာဖြင့် အလင်းရောင်သုံးသာအသုံးပြုသော စီးပွားရေးလုပ်ငန်းသုံးစွဲပါက အိမ်သုံးအလွှာနှုန်းတွက်ချက်ရန်။

     (ခ) လမ်းမီး

          မီတာတပ်ဆင်ထားပါက အိမ်သုံးအလွှာအလိုက် တွက်ချက်စည်းကြပ်ရန်နှင့် မီတာတပ်ဆင်ထားခြင်းမရှိပါက တပ်ဆင်ဝန်အားအတိုင်း ယူနစ်တွက်ချက်ပြီး အိမ်သုံးအလွှာဖြင့် စည်းကြပ်ရန်။

     (ဂ) တစ်လုံးတစ်ခဲတည်း

          (၁) အိမ်သုံးသက်သက်သာသုံးစွဲသော တစ်လုံးတစ်ခဲတည်းမီတာများကို အိမ်သုံး၊ အိမ်တွင်းသုံးမီတာများနှင့် တွဲလျက်သုံးစွဲပါက သုံးစွဲယူနစ်ပေါင်းကို အိမ်သုံးအလွှာနှုန်းဖြင့် တွက်ချက်စည်းကြပ်ရန်။

          (၂) ကျေးရွာမီးလင်းရေး

               (ကက) ဓာတ်အားသုံးစွဲမှုတွင် အိမ်သုံးမီတာတစ်လုံးချင်း တပ်ဆင်ထားပါက အိမ်သုံးအလွှာလိုက် စည်းကြပ်ရန်၊ မိန်းမီတာပြယူနစ်နှင့် အိမ်သုံးယူနစ် စုစုပေါင်းကွာခြားချက်အား အိမ်သုံးအလွှာလိုက် စည်းကြပ်ရန်။ 

               (ခခ) အိမ်သုံးမီတာတစ်လုံးချင်း တပ်ဆင်ထားခြင်းမရှိပါက မိန်းမီတာပြယူနစ်အပေါ် ဓာတ်အားသုံးစွဲသော အိမ်ထောင်စုဦးရေအလိုက် အိမ်သုံးအလွှာနှုန်းစည်းကြပ်ရန်၊ မီတာအမြန်တပ်ဆင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်။

          (၃) ဝန်ထမ်းအိမ်ရာများ၊ တပ်ရင်းတပ်ဖွဲ့စခန်းများ

               (ကက) ဓာတ်အားသုံးစွဲမှုတွင် အိမ်သုံးမီတာတစ်လုံးချင်း တပ်ဆင်ထားပါက အိမ်သုံးအလွှာအလိုက်စည်းကြပ်ရန်။

               (ခခ) အိမ်သုံးမီတာတစ်လုံးချင်း တပ်ဆင်ထားခြင်းမရှိပါက မိန်းမီတာပြ ယူနစ်အပေါ် ဓာတ်အားသုံးစွဲသော အိမ်ထောင်စုဦးရေအလိုက် အိမ်သုံးအလွှာနှုန်း စည်းကြပ်ရန်နှင့် မီတာအမြန် တပ်ဆင်ရေး ညှိနှိုင်းဆောင်ရွက်ရန်။

               (ဂဂ) ကွန်ဒိုမီနီယံတိုက်ခန်းများကို မိန်းမီတာဖြင့်သုံးစွဲပါက မီတာတစ်လုံးသာ အိမ်သုံးနှုန်းခံစားခွင့်ပြုရန်၊ တစ်ဦးချင်းခံစားလိုပါက အိမ်သုံးမီတာအမြန်တပ်ဆင်ရန်။

          (၄) ဘာသာ/သာသနာ၊ လူမှူရေးအဖွဲ့အစည်းများ

               ဓာတ်အားသုံးစွဲမှုတွင် အိမ်သုံးသက်သက်သာ ဓာတ်အားသုံးစွဲသော တစ်လုံးတစ်ခဲတည်းမီတာ တပ်ဆင်ထားပါက အိမ်သုံးအလွှာနှုန်းခံစားရန်။

 

၂။  စက်မှုသုံးနှုန်းထား။ (အသေးစားစက်မှု။ စက်မှုလက်မှုသုံး၊ တစ်လုံးတစ်ခဲတည်း၊ စီးပွားရေးလုပ်ငန်းသုံး၊ ယာယီသုံး) 

- ၁ ယူနစ်မှ ၅၀၀ ယူနစ်အထိ  ၇၅   ကျပ်
- ၅၀၁ ယူနစ်မှ ၁၀၀၀၀ ယူနစ်အထိ ၁၀၀ ကျပ်
- ၁၀၀၀၁ ယူနစ်မှ ၅၀၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်
- ၅၀၀၀၁ ယူနစ်မှ ၂၀၀၀၀၀ ယူနစ်အထိ ၁၅၀ ကျပ်
- ၂၀၀၀၀၁ ယူနစ်မှ ၃၀၀၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်
- ၃၀၀၀၀၁ ယူနစ်နှင့် အထက် ၁၀၀ ကျပ်


     (က) အစိုးရဌာန စက်မှုလက်မှုနှင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်သော စက်ရုံ၊ အလုပ်ရုံကြီးများ၊ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော ဘဏ်၊ စျေး၊ ​​ဂေါက်ကွင်း၊ ပန်းခြံ၊

     (ခ) အစိုးရနှင့် BOT/ငှါးရမ်း/ဝယ်ယူ/ဖက်စပ် လုပ်ကိုင်ဆောင်ရွက်သည့် စက်ရုံ/ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊

     (ဂ) ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံများနှင့် ရုံးခန်းများ၊

     (ဃ) ပုဂ္ဂလိကနှင့် သက်ဆိုင်သော ဟိုတယ်၊ မိုတယ်၊ ကုန်တိုက်၊ ဆေးရုံ၊ ကျောင်း၊ အအေးခန်းစက်ရုံများ၊ ဘဏ်၊ စျေး၊ မြစ်ရေတင်၊ ​ဂေါက်ကွင်း၊

     (င) NGO အဖွဲ့အစည်းများ၏ စီးပွားရေးလုပ်ငန်းသုံး၊

     (စ) ယာယီမီးဖြင့် ဓာတ်အားသုံးစွဲသော အခမ်းအနား၊ ပွဲလမ်းသဘင်၊ တည်ဆောက်ရေးလုပ်ငန်းများ၊

     (ဆ) အိမ်သုံးမီတာဖြင့် စီးပွားရေးလုပ်ငန်းသုံးများ (အလင်းရောင်သုံးသာ အသုံးပြုသောလုပ်ငန်းများမပါ၊ လျှပ်စစ်ကို တိုက်ရိုက်အသုံးပြုသည့် - မီးမလာလျှင် လုပ်ငန်းဆက်လက်လည်ပတ်နိုင်ခြင်းမရှိသော) စီးပွားရေးလုပ်ငန်းများကို စက်မှုသုံးနှုန်းထားအလွှာဖြင့် စည်းကြပ်ရန်။

 

၃။ နိုင်ငံခြားငွေဖြင့် ကောက်ခံလျက်ရှိသော ဓာတ်အားခနှုန်းထား

          ယခင်ကနိုင်ငံခြားငွေနှုန်းထားဖြင့် ကောက်ခံနေသော မီတာများအား အိမ်သုံး၊ စက်မှု့သုံးနှုန်းထား အသီးသီး၏ အလွှာလိုက်တောင်းခံမည့်နှုန်းထားအရ ကောက်ခံရန်၊ နိုင်ငံခြားသံရုံးများ၊ သံတမန်နေအိမ်များ၊ နိုင်ငံခြားအဖွဲ့အစည်းများမှ နိုင်ငံခြားငွေဖြင့်ပေးချေလိုပါက နှုန်းထားအလိုက်တွက်ချက်ထားသော ကျပ်ငွေနှင့်ညီမျှသည့် နိုင်ငံခြားငွေကို ငွေပေးမိန့် Payment Order ပြုလုပ်စေ၍ လက်ခံရန်။

 

၄။ လျော်ကြေး/နစ်နာကြေးတောင်းခံခြင်း

          တရားမဝင်ဓာတ်အားသုံးစွဲခြင်းများအတွက် လျော်ကြေး/နစ်နာကြေးတွက်ချက်တောင်းခံရာတွင် ပြီးခဲ့သော ၁၂ လ ကာလအတွင်း နှုန်းထားဟောင်းပါကာလအတွက် နှုန်းထားဟောင်း၊ နှုန်းထားအသစ်ပါကာလအတွက် အလွှာလိုက်စနစ်တွင် အမြင့်ဆုံးစျေးနှုန်းဖြင့် နှုန်းထားသစ်ဖြင့် တွက်ချက်တောင်းခံရမည်။