66 kV မြင်းခြံ-တောင်သာဓာတ်အားလိုင်း (၁၄) မိုင်နှင့် 66/33 kV (30MVA) တောင်သာဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်
 လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မြင်းခြံခရိုင် ၊ 66 kV မြင်းခြံ-တောင်သာဓာတ်အားလိုင်း(၁၄)မိုင်နှင့် 66/33 kV (30MVA) တောင်သာ ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့ နံနက် (၀၉:၀၀)နာရီ အချိန်တွင် တောင်သာဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 
 ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်ဖဲကြိုးအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင် နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးလတ်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စက်မှု ၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ ဥက္ကဌ ဦးလှိုင်ဝင်း၊ တောင်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝိုင်းချစ်အောင် နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဌ ဦးတင်အောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်၍ ဖွင့်ပွဲအထိမ်းအမှတ် ကမ္မည်း ကျောက်စာအား မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ဓာတ်အား ခွဲရုံအတွင်း လှည့်လည် ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။ 
 ထို့နောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဌ ဦးတင်အောင်က တောင်သာဒေသ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးဝန်ကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များကို ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ 
 ၎င်းနောက် ဒေသခံပြည်သူ ဦးမြတင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး နံနက် (၁၀:၀၀)နာရီတွင် ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ 
 66 kV မြင်းခြံ-တောင်သာဓာတ်အားလိုင်း (၁၄) မိုင် ၊ 66/33 kV (30MVA) တောင်သာ ဓာတ်အားခွဲရုံနှင့် 33 kV ဓာတ်အားလိုင်း Double Ckt (၀.၅) မိုင် တည်ဆောက်ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင် JICA (နိုင်ငံခြားချေးငွေ) ကျပ် (၄,၃၁၂) သန်းဖြင့် တင်ဒါအောင်မြင်သော Asia Power Quality Co.,ltd မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ (၂၆.၂.၂၀၂၀) ရက်နေ့တွင် လုပ်ငန်းစတင်ကာ (၁.၉.၂၀၂၀) ရက်နေ့တွင် ပြီးစီးခဲ့ပြီး (၇.၁.၂၀၂၁)ရက်နေ့တွင် ဓာတ်အားလွှတ် ပေးနိုင်ခဲ့ပါသည်။