မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးဝေမှု မေလ(၁)ရက်မှစတင်၍ သုံးပုံတစ်ပုံအထိ လျှော့ချမည်ဖြစ်ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သတင်းရရှိသည်။ မန္တလေးတိုင်းဒေသကြီးတွင် ဧပြီလအတွင်း အမြင့်ဆုံး လျှပ်စစ်ဓာတ်အားသုံးစွဲသည့်ပမာဏမှာ မဂ္ဂါ၀ပ် (၆၀၀)ခန့်ရှိပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာသည့်အတွက် ဧပြီလကုန်ပိုင်းတွင် ဓာတ်အားပေးဝေမှု (၉၁)မဂ္ဂါ၀ပ် လျော့ချခဲ့ရာမှ မေလ(၁)ရက်မှ စတင်ကာ ဓာတ်အားပေးဝေမှု (၂၁၆) မဂ္ဂါ၀ပ်အထိ ထပ်မံလျှော့ချမည် ဖြစ်သည့်အတွက် ယခုထက်ပိုမို၍ ဓာတ်အားပြတ်တောက်မှု ကြုံတွေ့ရမည်ဖြစ်သဖြင့် လက်ရှိမီးပြတ်နေတာရဲ့ နောက်ထပ် တစ်ဆ ထပ်ပြီး မီးပျက်မယ့် အခြေအနေဖြစ်ပါသည်။ ရေအားလျှပ်စစ်စီမံကိန်းများတွင် ဆည်ရေလက်ကျန်နည်းပါးမှုကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမှာ အလွန်နည်းပါးနေပြီး လက်ရှိတွင် နိုင်ငံတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏမှာ (၃၆၀၀)မဂ္ဂါ၀ပ်ခန့်ရှိပြီး မေလတွင် တစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အားအများဆုံး ထုတ်လုပ်နိုင်မည့် ပမာဏမှာ (၃၂၉၅) မဂ္ဂါ၀ပ်သာ ရှိနိုင်မည်ဖြစ်သည်။ ယင်းအတွက် လိုအပ်မည့် လျှပ်စစ်၀န်အား၏ (၂၀) ရာခိုင်နှုန်းကို မန္တလေးတိုင်းဒေသကြီးမှ လျော့ချရမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ (၃၀)ရာခိုင်နှုန်း ၊ ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ (၅၀) ရာခိုင်နှုန်း လျှော့ချရန် ပြည်ထောင်စု၀န်ကြီးဌာနက ညွှန်ကြားထားခြင်းဖြစ်ပါသည်။ မေလ(၁)ရက်မှစတင်၍ မန္တလေးတိုင်းတွင် လျှော့ချမည့် ၀န်အား (၂၁၆) မဂ္ဂါ၀ပ်သည် ပုံမှန်အခြေတွင် လျှော့ချရန် ဖြစ်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်း များတွင် တစ်စုံတစ်ရာ အကြောင်းပေါ်ပေါက်ပါက ယင်ထက် ပိုမိုလျှော့ချဖွယ်ရှိပါသည်။ ၀န်အားလျော့ချဖြန့်ဖြူးနေရသည့်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် ညနေ(၅)နာရီမှ ည(၁၁)နာရီအထိ လုပ်ငန်းလည်ပတ်မှု ရပ်နားရမည်ဖြစ်ပြီး အများပြည်သူထံ ဓာတ်အားပေးရတွင်လည်း နံနက်(၆)နာရီမှ ညနေ(၆)နာရီအတွင်း အလှည့်ကျ အချိန်ပိုင်းမီးဖြတ်တောက်မည် ဖြစ်ပါသည်။ ထို့ကြောင့် မီးလာပြီဆိုတာနဲ့ စနစ်တကျမသုံးဘဲ အကုန်စုပြုံပြီး အသုံးပြုမယ်ဆိုရင် မဂ္ဂါ၀ပ်တွေ ထိုးတက်ပြီး Over Load ဖြစ်၍ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် အသုံးပြုမှုတွေ လျော့ချပြီး မျှမျှတတသုံးဖို့ လိုအပ်ပါသည်။ မန္တလေးတိုင်းဒေသကြိးအတွင်း ABCD ဟူ၍အုပ်စု(၈)ခွဲကာ အလှည့်ကျစနစ်ဖြင့် ၀န်အားလျော့ချမည်ဖြစ်ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေငြာထားပါသည်။ ယခုနှစ်တွင် နိုင်ငံတွင်းရှိ ရေအားလျှပ်စစ်ထုတ်လုပ်ရာ အဓိက တာတမံကြီးများမှာ ယခင်နှစ်ကထက် ရေအမှတ် (၁၄)ပေခန့် လျော့နည်းနေသည့်အတွက် ဓာတ်အားထုတ်လုပ်နိုင်မှု နည်းပါးရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဂတ်စ်တာဘိုင်များကို အပြည့်အအ၀လည်ပတ်ကာ လျှပ်စစ်ဓာတ်အား (၁၄၆၀)ထုတ်လုပ်ပြီး ထပ်မံလိုအပ်သည့် ဓာတ်အားပမာဏကို ရေအားလျှပ်စစ်ဖြင့် ဖြည့်ဆည်းပေးနေသည်ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်ဆောက်လုပ်ရေး၀န်ကြီး ဦးဇာနည်အောင်က ပြောပါသည်။ လက်ရှိအခြေအနေအရ လာမည့် ၄၅ ရက် (ဇွန်လ တတိယပါတ်)အထိ ၀န်အားလျော့ချသုံးစွဲရဖွယ်ရှိကြောင်း နှင့် ယခုဧပြီလတွင် တစ်နိုင်ငံလုံးရှိ ဂတ်စ်တာဘိုင် ၊ ရေအားလျှပ်စစ်စီမံကိန်း နှင့် အခြားဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ (၃၄၀၀)မဂ္ဂါ၀ပ်ရှိခဲ့ကြောင်း သိရှိရပါသည်။
01 May 2019